စပါးအသင်းဥက္ကဋ္ဌ ဒန်နီယဲလ်လီဗီက မိမိအနေနဲ့ အသင်းက ထွက်ခွာသွားပြီးမှသာ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗီဟာ စပါးအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ၂၀၀၁ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ သက်တမ်းအရှည်ဆုံးအသင်းဥက္ကဋ္ဌအဖြစ် မှတ်တမ်းဝင်နေပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ဥက္ကဋ္ဌသက်တမ်းအတွင်းမှာ စပါးအသင်းက လိဂ်ဖလားချန်ပီယံဆုတစ်ကြိမ်နဲ့ ယူရိုပါလိဂ်ချန်ပီယံဆုကိုလည်း ပြီးခဲ့တဲ့ရာသီကမှ ရယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ ဆက်တိုက်ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ဂယ်ရီနဗီးလ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ လီဗီက အခုလိုပြောကြားခဲ့တာပါ။
'' ကျွန်တော် ဒီမှာ မရှိတဲ့အချိန်ရောက်ရင် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို သေချာပေါက်ရရှိမှာပါ။ ခင်ဗျား ဒီကို ရောက်လာတဲ့အခါ အံ့အားသင့်စရာကောင်းတဲ့ ကွင်းကြီးကို တွေ့ရမှာဖြစ်ပြီး အခု တခြားအသင်းတွေ လိုက်လုပ်ဖို့ ကြိုးစားနေကြပါပြီ'' လို့ လီဗီက ပြောကြားခဲ့ပါတယ်။
ပိုစတီကိုဂလူးကို ထုတ်ပယ်ခဲ့ခြင်းအတွက်လည်း ယူရိုပါလိဂ်ချန်ပီယံဆု ရယူပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပေမဲ့ စွမ်းဆောင်ရည်က လုံလောက်မှုမရှိတာကြောင့်ဖြစ်ကြောင်း၊ နည်းပြသစ် သောမတ်စ်ဖရန့်ခ်ဟာ အသင်းကို အမြင့်ဆုံးအဆင့်ဆီ ပို့ဆောင်ပေးမယ့်သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။















