အသက် ၄၅ နှစ်အရွယ် ဦးခင်ဇော် (ခ) ဦးဇော်ကြီးဟာ ဘိုကလေးမြို့မှာ အုတ်ရိုက်တဲ့ အလုပ်လုပ်ဖို့ အိမ်ကနေ ထွက်ခွာလာခဲ့ပါတယ်။
သူ အိမ်က စထွက်လာတုန်းကတော့ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာတာပါ။
ဒါပေမဲ့ ရှေ့မှာ သူ့ကို စောင့်ကြိုနေတဲ့ ငရဲခန်းကြီး ရှိနေတာကို အဲဒီအချိန်တုန်းက သူ မသိခဲ့ပါဘူး။
ဒီလိုနဲ့ ဘိုကလေးမြို့မှာ အုတ်ရိုက် အလုပ်ကို သူ လုပ်ခဲ့တယ်။
ဒါပေမဲ့ အလုပ်က အဆင်မပြေပါဘူး။ ဒါနဲ့ ဘိုကလေးမြို့ကနေ သူပြန်ခဲ့တယ်။
ရန်ကုန်ရောက်တော့ သူ့မှာပါလာတဲ့ ပိုက်ဆံက အိမ်ပြန်ဖို့အတွက် မလုံလောက်တော့ပါဘူး။
သူက အုတ်ဖို မင်းလှဘက်မှာ နေတာပါ။ အိမ်ပြန်ဖို့ လမ်းစရိတ် မရှိတော့တဲ့အတွက် လမ်းဘေးမှာ သူထိုင်ပြီး ငိုင်နေမိပါတယ်။
“အဲဒီက အဆင်မပြေဖြစ်ပြီး ပြန်လာတော့ ရန်ကုန်ရောက်တော့ လမ်းစရိတ်က အိမ်အထိ ပြန်ဖို့ မလုံလောက်တော့ဘူး။ လမ်းဘေးမှာ ထိုင်ငိုင်နေရတယ်”လို့ ဦးခင်ဇော် (ခ) ဦးဇော်ကြီးက ပြောပါတယ်။
ဒီလိုထိုင်နေရင်းနဲ့ သူ့စိတ်ထဲမှာတော့ အိမ်အပြန် လမ်းစရိတ်ရဖို့ အလုပ်လေးတစ်ခုလောက် လုပ်ချင်လိုက်တာလို့ တွေးနေမိပါတယ်။
လမ်းဘေးမှာထိုင်ပြီး သူ ဒီလိုတွေးနေတုန်းမှာပဲ သူ့ဆီကို လူတစ်ယောက် ရောက်လာပါတယ်။
အဲဒီလူကို သူက ဦးဝတုတ်လို့ ခေါ်တယ်။ အဲဒီလူကို အခုမှ စတွေ့ရပေမဲ့ သူက အပြည့်အဝ ယုံကြည်ခဲ့မိတယ်။
အဲဒီအချိန်ကစလို့ ဦးခင်ဇော် (ခ) ဦးဇော် ကြီးရဲ့ ငရဲခန်းနေ့တွေဟာ စခဲ့တာလည်း ဖြစ်ပါတယ်။
သူ့နဲ့ စတွေ့ချိန်မှာပဲ ဦးဝတုတ်ဆိုတဲ့ လူက အလုပ်လုပ်မလားလို့ မေးပါတယ်။
အိမ်ပြန်စရာ လမ်းစရိတ်မရှိလို့ အလုပ် လုပ်ချင်နေတဲ့ သူ့အတွက်တော့ ဦးဝတုတ်ဆိုတဲ့ လူကို ကယ်တင်ရှင်ကြီးတစ်ယောက်လို့ မြင်ယောင်လာတယ်။
ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ဦးဝတုတ် ပြောတဲ့အလုပ်က ဘာအလုပ်မှန်း မသိပေမဲ့ သူက ချက်ချင်းလက်ခံလိုက်တယ်။
“အလုပ်လေး လုပ်ရမှ လမ်းစရိတ်လေးရပြီး အိမ်ပြန်နိုင်မှာကိုး။ အဲဒီလို လမ်းဘေး ထိုင်မှိုင်နေတုန်း ဦးဝတုတ်နဲ့ တွေ့တာ။ သူက အလုပ်လုပ်မလားဆိုပြီး မေးတာ။ လုပ်မယ်ပေါ့”လို့ သူတွေ့ကြုံခဲ့ရတာကို သူက ပြန်ပြော ပြပါတယ်။
ဘယ်မှာလုပ်ရမှာလဲလို့ သူ မေးလိုက်တော့ မြို့ပေါ်မှာပဲ လုပ်ရမယ်လို့ပဲ ဦးဝတုတ်ဆိုသူက ပြန်ဖြေခဲ့တယ်။
ဦးခင်ဇော် (ခ) ဦးဇော်ကြီးကတော့ ဦးဝတုတ်ဆိုသူကို သူတော်ကောင်းလို့ထင်ပြီး ယုံကြည်စွာနဲ့ လိုက်သွားခဲ့တယ်။
ဦးဝတုတ် ဆိုသူက အောင်မင်္ဂလာအဝေးပြေးကနေ သူ့ကို ကားနဲ့တင်ပေးလိုက်တယ်။
ဦးဝတုတ်က နောက်ကနေ လိုက်လာမယ်ဆိုတာကို ဦးခင်ဇော် (ခ) ဦးဇော်ကြီးက ယုံကြည်ခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ အဝေးပြေးကားကြီးကိုစီးရင်း မွန်ပြည်နယ် ရေးမြို့ကို သူရောက်ပါတယ်။
ရေးမြို့ကတစ်ဆင့် ဇီးဖြူသောင်ရွာကို ထပ်သွားခဲ့ရတယ်လို့ သူက ပြောပါတယ်။
“အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ ဦးဝတုတ်ဆိုတဲ့သူက ကားနဲ့တင်ပေးလိုက်တာပါ။ ပြီးရင် အစ်ကိုတို့ လိုက်လာမယ်ဆိုပြီး လိုက်လည်း မလာပါဘူး။ အောင်မင်္ဂလာဂိတ်ကနေ ရေး၊ အဲဒီကနေ ဇီးဖြူသောင်အထိ ရောက်ပြီး အဲဒီပေါ်လိုက်ခဲ့ရတာ”လို့ သူက ဆိုပါတယ်။
သူ့ရဲ့ ငရဲခန်းက အဲဒီမှာ စတာပါပဲ။ ဇီးဖြူသောင်ရွာ ရောက်ချိန်မှာတော့ သူ့ငရဲခန်း ဖြစ်လာမယ့် ကျားဖောင်ပေါ် ကို အလုပ်လုပ်ဖို့ တက်ခဲ့ရပါတယ်။
“ပြာသိုလလောက်ကပါ။ လေးလ မပြည့် တပြည့်ဆိုတော့ တန်ခူးလလောက်အထိပေါ့။ ကျားဖောင်ပေါ် လိုက်ခဲ့ရတာ ပုစွန်ပြုတ်ရပါတယ်။ ငါးတံခွန် ဘာညာလည်း ခွဲရတယ်”လို့ ဦးခင်ဇော် (ခ) ဦးဇော်ကြီးက ကျားဖောင်ပေါ် စရောက်တဲ့အခြေအနေကို ပြောပြပါတယ်။
ကျားဖောင်ပေါ် စရောက်ချိန်တုန်းကတော့ ဖောင်ဦးစီးစိုးပိုင်က သူ့ကို ကောင်းကောင်း မွန်မွန် ကျွေးမွေးခဲ့ပါသေးတယ်။
ကျားဖောင်ပေါ်ရောက်ပြီး သုံးလလောက်အထိ သူ အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အလုပ်ပင်ပန်းပြီး အိပ်ရေးပျက်တာ များလာတဲ့အတွက် အသက်အရွယ်အရ သူ မခံနိုင်တော့ပါဘူး။
လေးလမြောက်တဲ့ အချိန်မှာတော့ အလုပ်ရဲ့ ပင်ပန်းတဲ့ဒဏ်ကို သူ မခံနိုင်တော့တဲ့အတွက် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အခြေအနေဖြစ်လာပါတယ်။
အဲဒီအချိန်ကစလို့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ သူ့ကို ဖောင်ဦးစီး စိုးပိုင်က ထမင်းမကျွေးဘဲ ပစ်ထားခဲ့ပါတယ်။
ထမင်းကျွေးတယ်ဆိုရင်လည်း သူ့ကို ခွေးလို အစာကောက်ခိုင်းတာတွေ၊ ခွေးလို အူပြခိုင်းတာတွေ စတဲ့ လုပ်ရပ်တွေကိုလည်း ဖောင်ဦးစီး စိုးပိုင်က လူမဆန်စွာ လုပ်ခိုင်းခဲ့ပါသေးတယ်။
“သုံးလပိုင်းလောက်အထိက လုပ်နိုင်တယ်။ လေးလပိုင်းလောက်ကျတော့ အိပ်ရေးတွေ ပျက်ပြီး အစားလည်းမစားနိုင်ဘဲ နွမ်းလာတာ။ မလုပ်နိုင်တဲ့အချိန်ကျတော့ ထမင်းမကျွေးဘဲထားတော့ ထမင်းလည်း မစားရတဲ့ အခါကျ ပျော့ပြီး မလုပ်နိုင်တော့ဘူး။ အလုပ်မလုပ်နိုင်ရင် ထမင်းမကျွေးနဲ့ဆိုပြီး ခွေးလို အစာကောက်ခိုင်းတယ်။ အူလည်း အူခိုင်းတယ်။ ပုစွန်ရေဆေးရတဲ့အခါ တစ်ကောင်စ နှစ်ကောင်စ ကျန်တာကို မပြောင်ရလားဆိုပြီး ပါးစပ်နဲ့ ကုန်းဟပ်ခိုင်းတာ” လို့ သူ့အတွေ့ အကြုံကို ပြန်ပြောပြပါတယ်။
ဖောင်ဦးစီးစိုးပိုင်ရဲ့ လုပ်ရပ်က ဒီလောက်နဲ့တင် မပြီးသေးပါဘူး။
ဦးခင်ဇော် (ခ) ဦးဇော်ကြီးရဲ့ ကျားဖောင်ပေါ်က ငရဲခန်းနေ့တွေဟာ စတင် အသက်ဝင်လို့ လာပါတယ်။
ဖောင်ဦးစီး စိုးပိုင်ဟာ အလုပ်မလုပ်နိုင်တဲ့ သူ့ကို အစပိုင်းတုန်းက ထမင်းမကျွေးတဲ့ အခြေအနေမျိုးသာ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရိုက်နှက်နှိပ်စက်တဲ့အထိ ဖြစ်လာပါတယ်။
သူ့ကို ဖောင်ဦးစီး စိုးပိုင်က ကြိုးနဲ့တုပ်ပြီး ရိုက်တာတွေ၊ တိုင်ဖက်ခိုင်းပြီး ရိုက်တာတွေ၊ ၀ါးရင်းတုတ်နဲ့ အရိုက်ခံခဲ့ရတာတွေကိုလည်း ခံခဲ့ရပါတယ်။
“လေးလပိုင်းလောက်မှာ သိပ်မလုပ်နိုင်တော့ ဘာလို့မလုပ်နိုင်တာလဲဆိုပြီး ရိုက်တာပါ။ ကြိုးနဲ့တုပ်ရိုက်တယ်။ တိုင်ဖက်ရိုက်တယ်။ နိုင်လွန်ကြိုးတွေနဲ့လည်း ရိုက်တယ်။ ၀ါးရင်း တုတ်တွေနဲ့ ဆိုလည်း တော်တော်ရိုက်တယ်”လို့ သူက ဆိုပါတယ်။
ဒီလိုရိုက်နှက်ခံရတာကြောင့် သူ့ရဲ့ ဦးခေါင်း၊ နားရွက်နဲ့ လက်တို့မှာ ဒဏ်ရာတွေ အများအပြား ရရှိခဲ့ပါတယ်။
အဆိုးဆုံးကတော့ သူ့ကို ဖောင်ဦးစီး စိုးပိုင်က ခြေနဲ့ ကန်ခဲ့တဲ့အတွက် သူ့သွားတွေ ကျွတ်ထွက်ပြီး ကျိုးခဲ့ရပါတယ်။
“နားရွက်က အကြောက ခေါက်သွားတယ်။ လက်သန်း အကြောပြတ်သွားတယ်။ လက်ဆစ်လည်း ကျိုးသွားတယ်။ ၀ါးရင်းတုတ် နဲ့ ရိုက်လို့ နားက နည်းနည်းလေးတော့ လေး သလို ရှိတယ်။ သွားတွေ ပြုတ်သွားတာက ဖောင်ဦးစီး ကန်တာလေ။ သူ့ခြေခုံနဲ့ ကန်တော့ သွားတွေက အကုန်ပြုတ်ထွက်သွားတာ။ သူ လည်း ခြေခုံပေါက်သွားတယ်”လို့ သူ့ဘဝရဲ့ ငရဲခန်းနေ့တွေကို ဦးခင်ဇော် (ခ) ဦးဇော်ကြီး က ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ဖောင်ဦးစီး စိုးပိုင်က သူ့ကို ရိုက်နှက်ရုံ တင်မက သတ်ဖို့ အနေအထားမျိုးအထိ ရှိခဲ့ပါတယ်။
ဖောင်ဦးစီး စိုးပိုင်ဟာ သူ့ကို လည်ပင်း ကို ကြိုးကွင်းစွပ်တာတွေ၊ လည်စေ့ညှစ်တာတွေနဲ့ ရေထဲနစ်တာတွေ လုပ်ခဲ့တယ်လို့ ဦးခင်ဇော် (ခ) ဦးဇော်ကြီးက ပြောပါတယ်။
“မသေလို့ ပြန်ရောက်လာတာ။ တောင်းတောင်းပန်ပန် လုပ်ရတာပေါ့။ သူတို့သတ်ဖို့ အနေအထားတော့ရှိတယ်။ ရေနှစ်တယ်။ လည်စေ့ကို ညှစ်တယ်။ လည်ပင်းကို ကြိုးကွင်းစွပ်တယ်။ တစ်ခါတည်း သတ်မလို့နေမှာပေါ့။ ညီလေးရယ် မလုပ်ပါနဲ့ကွာလို့ တောင်းတောင်းပန်ပန် လုပ်ရတာပေါ့” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ကျားဖောင်ပေါ်မှာ ဦးခင်ဇော် (ခ) ဦးဇော်ကြီးဟာ သေဖို့ ကံမပါလာခဲ့ပါဘူး။
ကျားဖောင်ပေါ်ကနေ ပထမဆုံး သူ့ကို ကယ်တင်ပေးခဲ့သူက ကျားဖောင်ပိုင်ရှင် ဦးထွန်းနိုင်ပဲ ဖြစ်ပါတယ်။
သူ လုပ်ကိုင်နေတဲ့ ကျားဖောင်ကို ပိုင်ရှင်ဖြစ်သူ ရောက်လာချိန်မှာတော့ အကျိုးအကြောင်း ပြောပြလိုက်တဲ့အတွက် ပိုင်ရှင်ဖြစ် သူက သူ့ကို အိမ်ပြန်ခေါ်သွားပြီး ဆေးကုပေးခဲ့ပါတယ်။
“အဲဒါနဲ့ ဖောင်ပိုင်ရှင် ကိုထွန်းနိုင် လာတော့ အစ်ကိုကြီးရယ် ကျွန်တော် ခေါင်းတွေလည်း ပေါက်နေပြီ။ မလုပ်နိုင်တော့ဘူးလို့ ပြောပြတော့ သူက သူ့အိမ်မှာ ခေါ်ထားတယ်။ ခေါက်ဆွဲတွေ ကြက်ဥတွေ ကျွေးပြီး ဆေးလည်း ထိုးပေးတယ်။ လက်ရှိတော့ ကျန်းမာရေးက စားနိုင်ပြုနိုင် ရှိလာပါတယ်” လို့ ဦးခင်ဇော် (ခ) ဦးဇော်ကြီးက ပြောပါတယ်။
ဒီကျားဖောင်ငရဲခန်းကနေ ဦးခင်ဇော် (ခ) ဦးဇော်ကြီးကို ကယ်တင်လိုက်တဲ့ နောက်ထပ်ဖြစ်စဉ်တစ်ခုလည်း ရှိပါသေးတယ်။
အဲဒါကတော့ ဖောင်ဦးစီး စိုးပိုင်က ဦးခင်ဇော် (ခ) ဦးဇော်ကြီးအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာလည်း ဖြစ်ပါတယ်။
ဒီရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် နှိပ်စက်ညှဉ်းပန်းခံရတဲ့ ကျားဖောင်လုပ်သား ဦးလေးကြီးကို ကယ်တင်မယ်ဆိုပြီး ပရဟိတ လုပ်နေသူအချို့က အသည်းအသန် စုံစမ်းရာကနေ နောက်ဆုံးမှာတော့ ဦးခင်ဇော် (ခ) ဦးဇော်ကြီးကို ပြန်လည်ကယ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုချိန်မှာတော့ ဦးခင်ဇော် (ခ) ဦးဇော် ကြီးဟာ သူ့နေအိမ်ကို ပြန်လည်ရောက်ရှိလို့ နေပါပြီ။
ဦးခင်ဇော် (ခ) ဦးဇော်ကြီးအတွက်တော့ ဒီကျားဖောင်ငရဲခန်းနေ့ရက်တွေဟာ ဘယ်လိုမှ မမေ့နိုင်တော့မယ့် သေရာပါ စိတ်ဒဏ်ရာတွေလည်း ဖြစ်နေပါလိမ့်မယ်။
“ကျွန်တော့်ဆန္ဒကတော့ ငွေလေးရရင် မိဘတွေကို အပ်မယ်ပေါ့။ အမေကြီးကို အံကပ်ကလေး လုပ်ပေးချင်တာပါ။ ဒါပေမဲ့ ခုတော့ ကျွန်တော် လန့်သွားပါပြီ”လို့ ဦးခင်ဇော် (ခ) ဦးဇော်ကြီးက ပြောပါတယ်။









