ကာဒစ်ဖ်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုအသစ် ပြုလုပ်ထားတယ်လို့ ဂါရတ်ဘေးလ် ပြောကြား

ကာဒစ်ဖ်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုအသစ် ပြုလုပ်ထားတယ်လို့ ဂါရတ်ဘေးလ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 11 July 2025

ဝေးလ်စ်လက်ရွေးစင် တောင်ပံကစားသမားဟောင်း ဂါရတ်ဘေးလ်က ကာဒစ်ဖ်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုအသစ် ပြုလုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘေးလ်(၃၅ နှစ်)ဟာ ဝေးလ်စ်နိုင်ငံရဲ့ မြို့တော် ကာဒစ်ဖ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ဘောလုံးသမားဘဝက အနားယူပြီးတဲ့နောက် လက်ရှိအချိန်မှာ ကာဒစ်ဖ်စီးတီးအသင်းကို ဝယ်ယူဖို့ ကြိုးပမ်းနေတာပါ။

ကာဒစ်ဖ်စီးတီးအသင်းကို မလေးရှားသူဌေး ဗင်းဆင့်တန်က ပိုင်ဆိုင်ထားပြီး လာမယ့်ရာသီ League One မှာ ယှဉ်ပြိုင်ရမှာပါ။

ဘေးလ်ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့က ကာဒစ်ဖ်အသင်းကို ဇွန်လအတွင်း ပေါင်သန်း(၄၀)နဲ့ စတင်ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

ဒါကြောင့် အခု ဒုတိယအကြိမ်အဖြစ် ထပ်မံကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘေးလ်က ဘယ်လောက်ပမာဏနဲ့ ကမ်းလှမ်းခဲ့သလဲဆိုတာ မဖော်ပြခဲ့ပေမဲ့ အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုဖြစ်ကြောင်းနဲ့ အရမ်းသင့်တော်တဲ့ ကမ်းလှမ်းမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကာဒစ်ဖ်စီးတီးအသင်းဟာ စျေးကွက်တန်ဖိုး ပေါင်သန်း(၅၀)နဲ့ (၇၅)သန်းကြားရှိတယ်လို့ သိရပါတယ်။

Most Read

Most Recent