ထိုင်းနိုင်ငံ ဖူးခက်တွင် ဆိုင်ကယ်တစ်စီးကို လူခုနစ်ဦးစီးခဲ့သည့် မြန်မာနိုင်ငံသားမိသားစု၏ ရုပ်သံဖိုင်အပေါ် ဝေဖန်မှုများမြင့်တက်ခဲ့ပြီးနောက် ပြန်လည်ဖြေရှင်းခဲ့ရကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာမိသားစု ဆိုင်ကယ်စီးနင်းနေသည့် ရုပ်သံကို ဖူးခက်မြို့ခံတစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံသား Wasawat Koeithong က လူမှုကွန်ရက်ပေါ်တင်ခဲ့ရာ ထိုင်းပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရုပ်သံတွင် မြန်မာအမျိုးသားတစ်ဦးက ဆိုင်ကယ်ကို မောင်းနှင်ခဲ့ပြီး အမျိုးသမီးဖြစ်သူက ဆိုင်ကယ်နောက်မှ လိုက်ပါလာကာ ကလေးနှစ်ဦးကို လက်တစ်ဖက်စီတွင် ချီပိုးထားပြီး ဆိုင်ကယ်မောင်းသည့် အမျိုးသားရှေ့တွင် ကလေးနှစ်ဦး၊ အမျိုးသားနှင့် အမျိုးသမီးကြားတွင် လူတစ်ဦး စုစုပေါင်း လူခုနစ်ဦး စီးနင်းလာခြင်းဖြစ်သည်။
အဆိုပါရုပ်သံမှာ ဖူးခက်မြို့ထဲ လမ်းဆုံတစ်ခုရှိ မြေအောက်ဖြတ်လမ်းတွင် ဆိုင်ကယ်မောင်းနှင်နေစဉ် ရိုက်ကူးထားခြင်းဖြစ်ကာ ထိုင်းပြည်သူများက ကလေးငယ်များ၏ အသက်အန္တရာယ်နှင့် ထိုင်းနိုင်ငံ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဟုဆိုကာ ဝေဖန်မှုအများအပြား မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဝေဖန်မှုများ မြင့်တက်လာပြီးနောက်တွင် ရုပ်သံဖိုင်ကို တင်ခဲ့သည့် ထိုင်းနိုင်ငံသားWasawat Koeithong က မြန်မာမိသားစုနှင့် သွားရောက်တွေ့ဆုံကာ ယင်းသို့စီးနင်းခဲ့ရသည့် အကြောင်းရင်းများကို ပြန်လည်ဖြေရှင်းခဲ့သည်။
အဆိုပါမြန်မာမိသားစုမှာ ဌားရမ်းနေထိုင်သည့် အိမ်မှ စျေးဝယ်ရန် ဆိုင်ကယ်နှစ်စီးဖြင့် ထွက်လာခဲ့ကြောင်း၊ တရားဝင်ယာဉ်မောင်းလိုင်စင်မရှိသဖြင့် လမ်းတွင် ထိုင်းရဲများက ဖမ်းဆီးဒဏ်ရိုက်ခဲ့ကြောင်း၊ ဒဏ်ကြေးငွေဆောင်ရန် ပိုက်ဆံမလောက်သဖြင့် ဆိုင်ကယ်တစ်စီးအား ထိုင်းရဲများထံ အပေါင်အဖြစ် အပ်နှံခဲ့ရခြင်းဖြစ်သည်ဟု မြန်မာမိသားစုက ပြောကြားခဲ့သည့် ရုပ်သံဖိုင်ကို ဖူးခက်မြို့ခံက လူမှုကွန်ရက်တွင် ပြန်လည်တင်ပြခဲ့သည်။
အိမ်သို့ ပြန်ရာတွင် အတိုဆုံးလမ်းကြောင်းကို ရွေးချယ်ရာတွင် မြေအောက်လမ်းမှတစ်ဆင့် အိမ်ပြန်ရန် ဆိုင်ကယ်ကို မောင်းနှင်ခဲ့ကြောင်း၊ ယင်းနေရာတွင် ဆိုင်ကယ်များဖြတ်သန်းသွားလာခွင့်မရှိသည်ကို မသိရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို မသိရှိခဲ့ခြင်းကို အဆိုပါမြန်မာမိသားစုက ဝန်ခံခဲ့ပြီး တောင်းပန်ခဲ့ကြောင်း၊ ကလေးများကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။















