အုတ်တွင်းမြို့နယ်တွင် မွေးစားမိဘနှစ်ဦးမှ ရေနွေးပူဖြင့်လောင်း၊ လက်သီးဖြင့်ထိုးပြီး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့သည့် ကလေးငယ်၏ အမှု ဇွန် ၂၇ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း အဆိုပါဖြစ်စဉ်ကို လိုက်ပါကူညီနေသည့် ကိုကျော်သူရက ပြောကြားသည်။
“၂၇ ရက်နေ့ မီးငယ်လေးအမှုနောက်ဆုံး စီရင်ချက်ချပါမယ်။ နှစ်နဲ့ချီမျှော်လင့်စောင့်စားခဲ့ရတဲ့ရက်ကို ရောက်ခဲ့ပါပြီ။ သမီးအတွက်တရားမျှတမှုယူပေးနိုင်တော့မှာမို့ တမလွန်ကနေ ကျေနပ်နိုင်ပါစေမီးငယ်လေး” ဟု ကိုကျော်သူရက လူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါကလေးငယ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက နှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးခဲ့သည့် ကလေးငယ်မှာ အသက်ငါးနှစ်အရွယ် မဖူးပွင့်အေးဟု ခေါ်ဆိုပြီး အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ ကလေးငယ်ကို တရွာတည်းနေသူ တင်ဇော်ဝင်းဆိုသူက မွေးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် တင်ဇော်ဝင်းဆိုသူက ငါးနှစ်အရွယ် ကလေးငယ်ကို မွေးစားခဲ့ကြောင်း၊ ကလေးငယ်၏ မိဘအရင်းမှာ ကွဲကွာနေပြီး အဘိုးအဘွားများက စောင့်ရှောက်ခဲ့ကြောင်း၊ ဆင်းရဲသဖြင့် ကလေးငယ်ကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် တစ်ရွာတည်းနေသူ တင်ဇော်ဝင်းနှင့် ဇနီးဖြစ်သူတို့က မွေးစားခဲ့ကြောင်း၊ တစ်နှစ်ခန့်အကြာတွင် ကလေးငယ်မှာ ဦးနှောက်တွင် ငှက်ဖျားပိုးဝင်သည်ဟုဆိုကာ တောင်ငူဆေးရုံ သို့ မွေးစားမိဘများကပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှဆင်းလာချိန်တွင် ကလေးငယ်ကို အဘိုးဖြစ်သူက ဒဏ်ရာများနှင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ကလေးငယ်ကို နှိပ်စက်ခဲ့သည့် မွေးစားမိဘနှစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလပိုင်းမှစတင်ကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ပုဒ်မ ၃၇၆၊ ၃၂၅၊ ၃၂၆ တို့ဖြင့် တရားစွဲဆိုထားကြောင်း၊ အမှုအား တောင်ငူခရိုင် တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။















