ရန်ကုန် - မော်လမြိုင်ကားလမ်းဘေးတွင် ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်ဆီးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ လေးဦး ထိခိုက်ဒဏ်ရာများရရှိ

ရန်ကုန် - မော်လမြိုင်ကားလမ်းဘေးတွင် ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်ဆီးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ လေးဦး ထိခိုက်ဒဏ်ရာများရရှိ
Published 13 June 2025

ကျိုက်ထိုမြို့နယ် ဒေါင်းတောင်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းဘေးတွင် ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်တစ်စီးထိခိုက်ပျက်ဆီးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ လေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန် ၁၂ ရက် နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က သိမ်ဇရပ်မြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာသည့် Toyota Wish အမျိုးအစား ယာဉ်မှာ အခင်းဖြစ်ပွားရာ နေရာအရောက်တွင် လမ်းဘေးတွင် ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်မှာ ထိခိုက်ပျက်ဆီးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာကြသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “Toyota Wish အမျိုးသား မော်တော်ယာဉ်ပေါ်ပါလာကြသူတွေက သိမ်ဇရပ်မြို့ နဝရတ်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ သဲသဲ အလှပြုပြင်ရေးဆိုင်ကလို့ သိရပါတယ်။ ဒဏ်ရာရခဲ့ကြတဲ့ သူတွေထဲက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာအနီး ထန်းပင်၌ကပ်၍ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ တောင်စွန်းကျေးရွာမှ အမျိုးသားတစ်ဦး သေဆုံးကာ၊ ဇုတ်သုတ်ကျေးရွာမှ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ မော်တော်ယာဉ်တစ်စီးထိခိုက်ပျက်ဆီးခဲ့သည်။

Most Read

Most Recent