ကမ္ဘာကျော်ကေပေ့ါပ်အဖွဲ့ BTS မှ အဖွဲ့ဝင်အာအမ်နှင့် ဗွီတို့ စစ်မှုထမ်းကာလ ပြည့်သွားပြီးနောက် ဇွန် ၁၀ ရက်တွင် စစ်တပ် မှပြန်ထွက်လာကြပြီဖြစ်သည်။
အဖွဲ့ဝင်ခုနစ်ဦး စစ်မှုတာဝန် စတင်ထမ်းဆောင်ချိန် ၂၀၂၂ ခုနှစ်ကတည်းက BTS အဖွဲ့လိုက် ဖျော်ဖြေမှုများကို ရပ်နားထားခဲ့သည်။အာအမ်နှင့်ဗွီတို့ သီးခြားစီပြန် ထွက်လာကြမည့် စစ်စခန်းနှစ်ခုအနီးတွင် ပရိသတ်များက ဝမ်းသာအားရစောင့်ကြိုနေ ခဲ့ကြသည်။
BTS အဖွဲ့ခေါင်းဆောင် အာအမ်သည် လတ်တလော အမေရိကန်တေးဂီတဆုပေး ပွဲတွင် အကောင်းဆုံးကေပေ့့ါပ်အဆိုတော် ဆုကို ဆွတ်ခူးထားသူလည်းဖြစ်သည်။
အာအမ်နှင့် ဗွီတို့ ကားနှစ်စီးထဲမှ ထွက်လာပြီး ပွေ့ဖက်ကြချိန် လက်ခုပ်သံများညံသွားခဲ့သည်။အာအမ်က ဆက်ဆိုဖုန်းလေ မှုတ်တူရိယာဖြင့် သီချင်းတစ်ပုဒ်တီးမှုတ်နေချိန် ဗွီကဘေးတွင်ရပ်လျက် ပြုံးနေခဲ့ သည်။လက်ထဲတွင်လည်း ပန်းများပွေ့ပိုက်ထားသည်။
“အခုနေ အဖြစ်ချင်ဆုံးဆန္ဒက ပရိသတ်ကို ဖျော်ဖြေဖို့ပါ။အယ်လ်ဘမ်သစ်ထွက်ဖို့လည်း ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဒါမှ စင်ပေါ်ကို အမြန်ဆုံးပြန်လာနိုင်မှာ” ဟု အာအမ်က ၎င်းင်းတို့ကိုလာကြိုသည့် ပရိသတ်များအား ပြောသည်။ထိုချိန်ထိ အာအမ်က စစ်ယူနီဖောင်းကို မလဲရသေးပေ။
ထို့ပြင်အာအမ်က စစ်မှုထမ်းကာလ ၁၈ လအတွင်း အခက်အခဲတွေ့ချိန်၊ နာကျင်ချိန်များ ရှိခဲ့သည်ဟုလည်း ဆိုသည်။ ဗွီကလည်း စစ်မှုထမ်းနေချိန် ၎င်းင်း၏စိတ်နှင့် ခန္ဓာကို ပြန်ချိန်ညှိချိန်ရခဲ့သည်၊ BTS ပရိသတ် များရှေ့ အမြန်ဆုံးပြန်ရောက်ချင်ပြီဟု ပြောသည်။
ယခုတစ်ပတ်တွင် အာအမ်နှင့်ဗွီတို့အပြင် နောက်ထပ် BTS အဖွဲ့ဝင်နှစ်ဦးလည်း စစ်မှုထမ်းကာလ ပြည့်ကြမည်ဖြစ်သည်။ဂျင်နှင့်ဂျေဟုပ်က ပြီးခဲ့သည့်နှစ်ကတည်းက စစ်တပ်မှပြန်ထွက်လာပြီဖြစ်သည်။
အဖွဲ့ဝင်ရှူဂါက ယခုလနှောင်းပိုင်းမှ စစ်မှုထမ်းကာလပြည့်မည်။ BTS အဖွဲ့ဝင်များ ပြန်မထွက်လာမီ HYBE အေဂျင်စီက ပရိသတ်များကို စစ်စခန်းများအနီးသွားပြီး မစုဝေးကြရန်တောင်းဆိုခဲ့သည်။
သို့သော် ဗွီပြန်ထွက်လာမည့် စစ်စခန်းအပြင်ဘက်တွင် ပရိသတ်များစွာ လာစောင့်နေခဲ့ကြသည်။ ဇွန် ၁၃ ရက်တွင် ဂျေဟုပ်၏ ဖျော်ဖြေပွဲရှိပြီး ဇွန် ၂၁ ရက်တွင် ရှူဂါကို ပရိသတ်က ပြန်မြင်ရတော့မည်။









