ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မြေပြိုကျသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံး

ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မြေပြိုကျသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံး
Published 9 June 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မြေပြိုကျသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် သတင်းဖော်ပြထားသည်။

မြေပြိုကျခဲ့သည့်နေရာမှ ဘန်ကောက်မြို့  Rama II လမ်း အပြင်ဘက်ခြမ်းရှိ အထပ်မြင့်အမြန်လမ်းဖောက်လုပ်ရေးဇုန်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်နေရာတွင်ဖြစ်ပြီး မြေပြိုမှုကြောင့် ကွန်ကရစ်ပြား ပြုတ်ကျကာ မြန်မာလုပ်သားတစ်ဦးမှာ ပိမိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ မြန်မာလုပ်သားမှာ အသက် ၃၉ နှစ်အရွယ်ရှိပြီး သုံးမီတာအနက်ရှိ မြေကျင်းအောက်ခြေ ရွှံ့ရေထဲတွင် တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေခဲ့သည်ကို ကယ်ဆယ်ရေးအဖွဲ့များက တွေ့ရှိခဲ့ရကြောင်း၊ ကယ်ဆယ်ရေးလုပ်သားများက ရေများကို စုပ်ထုတ်ရန် ကြိုးစားခဲ့ပြီးမှသာ ၎င်းကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ယင်းသို့ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားကို ကယ်ဆယ်နိုင်ခဲ့ပြီး ဘန်ကောက် 9 ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

လုပ်ဖော်ကိုင်ဖက်များ၏ ပြောကြားချက်အရ ၎င်းတို့ အလုပ်လုပ်နေစဉ် ရုတ်တရက် မြေပြိုကျခဲ့ရာ အောက်ခြေတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သားမှာ မြေကြီးနှင့် ကွန်ကရစ်အကြားတွင် နစ်မြုပ်နေခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

မြေပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးနှင့် မျက်မြင်သက်သေများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent