Miss Grand International 2024 အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာထားသည့် အိန္ဒိယအလှမယ် ရေချယ်ဂူပတာအား ရက် ၃၀ အတွင်း သရဖူပြန်လာအပ်ရန် MGI အဖွဲ့အစည်းက မေ ၂၈ ရက်တွင် အင်စတာ ဂရမ်၌ ကြေညာချက် ထုတ်ပြန်ထားသည်။
အသက် ၂၀ အရွယ်မော်ဒယ် ရေချယ်သည် အိန္ဒိယနိုင်ငံအတွက် Miss Grand International သရဖူကို ပထမဆုံးဆွတ်ခူး ယူပေးခဲ့သူဖြစ်ပြီး သည်းမခံနိုင်တော့သည့် အခြေအနေများကြောင့် Miss Grand International 2024 အဖြစ်မှ နုတ်ထွက်ကြောင်း မေ ၂၈ ရက်တွင် ကြေညာခဲ့သည်။
ရေချယ်တင်ခဲ့သည့် အင်စတာဂရမ်ပို့စ်တွင် “သရဖူရခဲ့တာဟာ ကျွန်မဘဝရဲ့အဖြစ်ချင်ဆုံး အိပ်မက်တွေထဲက တစ်ခုပါ။နိုင်ငံကိုယ်စားပြုဆိုတော့ မျှော်ချက်တွေ၊ ပီတိတွေ အပြည့်နဲ့ပေါ့။ ဒါပေမဲ့ သရဖူရပြီး နောက်ပိုင်း ကတိချိုးဖောက်တာတွေနဲ့ မနှစ်မြို့ဖွယ် ဆက်ဆံမှုတွေ ကြုံလာရတယ်။ဆက်ပြီးသည်းခံလို့ မရတော့တဲ့ အဆိပ်အတောက် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာတယ်။နုတ်ထွက်လိုက်ဖို့ ပေ့ါပေါ့တန်တန် ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး” ဟုဆိုထားသည်။ ရေချယ် အသေးစိတ်ဝေမျှထားသည့် နောက်ဗီဒီယိုတစ်ခုလည်း ဆိုရှယ် မီဒီယာတွင် တက်လာသည်။
MGI ၏ တုံ့ပြန်ချက်ကမူ ရေချယ် ပြောထားသည်နှင့် ကွဲနေသည်။ သရဖူ ပြန်အပ်ရန် သတိပေးချက်ထဲတွင် ရေချယ်က ပေးထားသည့် တာဝန်များကို မကျေပွန်ကြောင်း ၊ စာချုပ်ချိုး ဖောက်ပြီး ပြင်ပအလုပ်များ လက်ခံခဲ့ ကြောင်း ၊ ဂွါတီမာလာခရီးစဉ်ကို ငြင်းဆန်ခဲ့ကြောင်း စသည့်အချက်များဖြင့် ရေချယ်၏ Winner Title ကို ချက်ချင်းရုပ်သိမ်းလိုက်ပြီဟု ဆိုထားသည်။
ရေချယ်အနေဖြင့် ထို Title ကို ဆက်လက်အသုံးပြုခွင့် ၊ သရဖူဆက်လက်ပိုင်ဆိုင်ခွင့် မရှိတော့ကြောင်းနှင့် မေ ၂၈ ရက်မှစတင်ပြီး ရက်ပေါင်း ၃၀ အတွင်း MGI ရုံးချုပ်သို့ သရဖူပြန်အပ်ရမည်ဟုလည်း အသိပေးထားသည်။
Miss Grand International 2024 ဖိုင်နယ်ယှဉ်ပြိုင်မှုတွင် first runner –up ဆုကို ဖိလစ်ပိုင်အလှမယ် ခရစ္စတင်း ဂျူလီယန် အိုပီယာဇာက ရရှိခဲ့ပြီး ယခုအိုပီယာဇာအား Miss Grand International 2024 အဖြစ် ခန့်အပ်ပွဲကို လာမည့်ဇွန် ၃ ရက်တွင် MGI Hall ၌ ကျင်းပမည် ဖြစ်သည်။
Ref:Hindustan Times









