မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ဝိုင်ယာရှောခ့်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ သက်ကြီးပိုင်း မိသားစုအမျိုးသမီးလေးဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ဝိုင်ယာရှောခ့်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ သက်ကြီးပိုင်း မိသားစုအမျိုးသမီးလေးဦး သေဆုံး
Published 22 May 2025

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ၀ိုင်ယာရှောခ့်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ သက်ကြီးပိုင်း မိသားစုအမျိုးသမီးလေးဦး သေဆုံးခဲ့သည်ဟု ကျောက်ဆည်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှုမှာ မေ ၂၂ ရက် နံနက် ၁ နာရီ မိနစ် ၅၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီအုပ်စုဆီဆုံရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“မီးလောင်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးလေးဦး သေဆုံးခဲ့တယ်။ အသက် ၉၀ ကနေ ၇၀ အထိ လေးဦးပါ” ဟု ကျောက်ဆည်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်မှုမှာ နေအိမ်အတွင်းရှိ ၀ိုင်ယာများ ရှော့ခ်ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဆည်မီးသတ်ဦးစီးဌာနက သုံးသပ်သည်။

“နေအိမ်ထဲမှာ ဆိုလာတွေ တပ်ထားတာလည်း တွေ့တယ်။ အဲ့ဒီနားမှာ Safeguard တွေလည်းတွေ့ရတယ်။ အဲ့ဒီကနေ ၀ိုင်ယာရှော့ခ်ကြောင့် ဖြစ်တာလို့ သုံးသပ်ရတယ်” ဟု ကျောက်ဆည်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်မှုတွင် သေဆုံးခဲ့သည့် အမျိုးသမီးလေးဦးမှာ မိသားစုဝင်များဖြစ်ပြီး နှစ်ဦးမှာ ပညာရေးဝန်ထမ်း ကျောင်းဆရာမအငြိမ်းစားများလည်း ဖြစ်သည်ဟု ကျောက်ဆည်ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent