ရေတွင်းထဲသို့ ဖုန်းပြုတ်ကျသွားသည်ကို ဆင်းဆယ်ရာမှ အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံးမှု ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့ အပေါင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ မေ ၂၀ ရက် နံနက် ၁၁ နာရီအချိန်ခန့်က အဆိုပါ ပိုင်ကျုံမြို့၊ အပေါင်ကျေးရွာရှိ စက်သုံးဆီဆိုင်၏ အနောက်ဘက်တွင်ရှိသော ရေတွင်းထဲတွင် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရသည့်အတွက်ကြောင့် သက်ဆိုင်ရာနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံသို့ အကြောင်းကြားပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “အဲ့ဒီ ရေတွင်းထဲကို ဖုန်းကျသွားလို့ အမျိုးသားတစ်ယောက်က ဆင်းဆယ်တာ။ ပြန်တက်မလာလို့ နောက်ထပ်တစ်ယောက်က ထပ်ဆင်းသွားတာ နှစ်ယောက်လုံး ရေတွင်းထဲမှာပဲ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာလို့ သိရပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ရေတွင်းမှာ ရေတွင်းအဝ ၅ ပေခန့်နှင့် အနက် ၂၅ ပေခန့်ရှိပြီး ရေတွင်းထဲတွင် ရေအနည်းငယ်သာရှိကြောင်းနှင့် ရေတွင်းထဲတွင် အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့ကြသူ အမျိုးသားနှစ်ဦးမှာ ဒေသခံများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ရေတွင်းထဲတွင် အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများအား ပိုင်ကျုံမြို့ နယ်မြေခံမီးသတ်စခန်းမှ Rescue Team နှင့် အတူ လှိုင်းဘွဲ့ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်) တို့မှ ဝိုင်းဝန်းဆယ်ယူခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက် မွန်းတည့်ချိန်ကလည်း လှိုင်းဘွဲ့မြို့နယ် ဖာပွန်ကျေးရွာနေ အသက် (၈) နှစ်၊ (၁၁) နှစ် နှင့် (၁၄) နှစ်အရွယ် မိန်းကလေးငယ် သုံးဦးမှာ လှိုင်းဘွဲ့ချောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ဘိုဘိုမြင့်
Photo Credit - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)















