အမေရိကန်သမ္မတထရန့်က ဆီးရီးယားသမ္မတအယ်ရှာရားနှင့်တွေ့ဆုံခဲ့ပြီး ဆီးရီးယားနှင့်အစ္စရေးကြား ပုံမှန်ဆက်ဆံရေး ထူထောင်ရန် တိုက်တွန်း

အမေရိကန်သမ္မတထရန့်က ဆီးရီးယားသမ္မတအယ်ရှာရားနှင့်တွေ့ဆုံခဲ့ပြီး ဆီးရီးယားနှင့်အစ္စရေးကြား ပုံမှန်ဆက်ဆံရေး ထူထောင်ရန် တိုက်တွန်း
Published 15 May 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် ဆီးရီးယားသမ္မတ အာမက်အယ်ရှာရား နှင့် ဆော်ဒီအာရေဗျနိုင်ငံတွင် မေ ၁၄ ရက်က တွေ့ဆုံခဲ့ပြီး ဆီးရီးယားနှင့် အစ္စရေးကြား ပုံမှန်ဆက်ဆံရေးထူထောင်ရန် တိုက်တွန်းခဲ့သည်။

အယ်ရှာရား၏ အစ္စလာမ်မစ်ဦးဆောင်သည့် အစိုးရအဖွဲ့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းမည်ဟု အမေရိကန်က အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီးနောက်  ထရန့်သည် ဆီးရီးယားနှင့် ၎င်း၏ ကာလကြာ  ရှည်ရန်ဘက်ဖြစ်သည့် အစ္စရေးတို့ကို ပုံမှန် ဆက်ဆံရေးထူထောင်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ထရန့်သည် ကာတာနိုင်ငံသို့ သွားရောက်ခဲ့ပြီး အမေရိကန် လေယာဉ်ထုတ်လုပ်သည့် Boeing ကုမ္ပဏီထံမှ ဂျက်လေယာဉ်များ ဝယ်ယူမည့် ကာတာနိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုမှုကို ကြီးကြပ်ကွပ် ကဲခဲ့သည်။

အမေရိကန်သမ္မတ၏ တရားဝင် လေယာဉ်တစ်စင်းအဖြစ် အသုံးပြုရန် Boeing ဂျက်လေယာဉ်တစ်စင်း လှူဒါန်းမည့် ကာတာ၏ သီးခြားကမ်းလှမ်းချက်နှင့်ပတ်သက်ပြီး ထရန့်က ပြောကြားခဲ့ခြင်းမရှိပေ။

ကာတာ၏ ကမ်းလှမ်းလျက်သည် အမေရိကန်ကို ပေးသည့် တန်ဖိုးအကြီးဆုံး လက်ဆောင်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာလိမ့်မည်ဖြစ်ပြီး လုံခြုံရေးနှင့် ကျင့်ဝတ်သိက္ခာပိုင်းအရ ဂယက်ရိုက် ခတ်မှုများနှင့်ပတ်သက်ပြီး အမေရိကန်တွင် သတိပေးနှိုးဆော်မှု တစ်ခုဖြစ်ခဲ့သည်။

ဆယ်စုနှစ်တစ်စုကျော်ကြာ ပြည်တွင်း စစ်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသည့် ဆီးရီးယားနိုင်ငံ အပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးမည်ဟု ထရန့်က ကြေညာခဲ့ပြီးနောက် တစ်ချိန်က အယ်ကေဒါအဖွဲ့နှင့် မဟာမိတ်ဖြစ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ခဲ့ဖူးသည့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဟောင်းဖြစ်သည့် လက်ရှိဆီးရီးယားသမ္မတ အယ်ရှားယားနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ရှာရားက သူသည် အမေရိကန်က ၂၀၂၀ ပြည့်နှစ်တွင် ကြားဝင်စေ့စပ်ပေးခဲ့သည့် အေဘရာဟင် သဘောတူညီချက်ကို ပူးပေါင်းရန်ဆန္ဒရှိလာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ အေဘရာဟင် သဘောတူညီချက်ကြောင့် ယူအေအီး၊ ဘာရိန်းနှင့် မော်ရိုကိုတို့သည် ဆီးရီးယားနှင့် ပုံမှန်ဆက်ဆံရေးများ ထူထောင်ခဲ့ကြသည်။

ဆီးရီးယားအရာရှိများကလည်း မှန်ကန်သည့် အခြေအနေများအောက်တွင် ပုံမှန် ဆက်ဆံရေးထူထောင်ရန် လမ်းဖွင့်ထားကြောင်း အရိပ်အမြွက် ပြသခဲ့ကြသည်။

“သင့်အနေနဲ့ ပြဿနာကို ဒဲ့ရှင်းပြီး ပိုကောင်းအောင်လုပ်နိုင်တဲ့အချိန်မှာ ပူးပေါင်းပါဝင်ဖို့ မျှော်လင့်ပါတယ်ဆိုပြီး ကျွန်တော်က သူ့ကိုပြောခဲ့ပါတယ်။ သူကလည်း ဟုတ်ကဲ့လို့ ပြန်ပြောပါတယ်။ ဒါပေမယ့် သူတို့လုပ်စ ရာတွေတော့ အများကြီး ကျန်နေသေးပါတယ်”ဟု ထရန့်က ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားနိုင်ငံပိုင် ရုပ်သံတွင်လည်း ထရန့်နှင့် အယ်ရှာရားတို့သည် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်၏ ရှေ့တွင် လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံကို ဖော်ပြခဲ့သည်။

Ref:AFP

                                      

Most Read

Most Recent