လက်ဆောင်ပစ္စည်းများနှင့်စပ်လျဉ်း၍ အမေရိကန်သမ္မတများအတွက် တင်းကျပ် သောစည်းမျဉ်းစည်းကမ်းများ ရှိနေသည့်တိုင် သမ္မတဒေါ်နယ်ထရန့်က ကာတာထံမှ အကောင်းဆုံး Boeing ဂျက်လေယာဉ်ကို လက် ခံရယူလိမ့်မည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ထရန့်က အဆိုပါလက်ဆောင်ကို Air Force One လေယာဉ်သစ်အဖြစ် လက်ခံမည့်အစီအစဉ်များကို မေလ ၁၁ ရက်တွင် ကာကွယ်ပြောဆိုခဲ့သည်။
ယင်းအကြောင်း ပထမဆုံးသတင်းဖော်ပြခဲ့သော ABC သတင်းဌာနက လေယာဉ်အား “ပျံသန်းနေသောနန်းတော်”ဟု ခေါ်ခဲ့သည်။ ကာတာတော်ဝင်မိသားစုက လက်ဆောင်ပေးသော Boeing 747-8 ဂျမ်ဘို ဂျက်လေယာဉ်သည် အမေရိကန်အစိုးရအဖွဲ့က လက်ခံရယူမည့် တန်ဖိုးအကြီးဆုံး လက်ဆောင်ဖြစ်လာလိမ့်မည်ဟု ABC က ဖော်ပြခဲ့သည်။
အခမဲ့ရရှိမည်ဟု ထရန့်က ပြောကြားထားသော လေယာဉ်နှင့်ပတ်သက်၍ အငြင်းပွားစရာများ ရှိလာသည်။ အမေရိကန်သမ္မတသည် မိသားစု စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူပိုင်ရုံးကို အသုံးပြုနေခြင်းတို့ နှင့်ပတ်သက်၍ အကျိုးစီးပွား ၀ိရောဓိဖြစ်လာနိုင်စရာရှိသည်ဟူသော မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။
မေလ ၁၁ ရက် ညပိုင်းက ဆိုရှယ်မီဒီယာတွင် တင်ခဲ့သောပို့စ်၌ ထရန့်က ကာတာကို ရည်ညွှန်းခြင်းမရှိသော်လည်း ယင်းလေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာနထံ ရောက်သွားမည့် ယာယီလက်ဆောင်ဖြစ်သည်ဟု ဖော်ပြခဲ့ပြီး အနှစ် ၄၀ ရှိသော လက်ရှိ Air Force One နေရာကို အစားထိုးမည့် လေယာဉ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
လုပ်ငန်းစဉ်သည် ထင်သာမြင်သာ အပေးအယူကိစ္စအဖြစ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၇၈ နှစ်အရွယ် ထရန့်က ပြောကြားခဲ့သည်။ သို့သော်လည်း တစ်ဖက်ဖက်က တစ်ခုခုကို ပြန်လည်ရရှိခြင်းရှိ မရှိဆိုသည်ကို တိတိကျကျပြောကြားခြင်းမရှိပေ။ ထိုအစား ထရန့်က လေယာဉ် အသစ်အတွက် မလိုအပ်ဘဲ ငွေအကုန်ခံလို နေသော ဒီမိုကရက်များကို အပြစ်တင်ခဲ့သည်။
ကာတာက အုတ်အော်သောင်းတင်း ဖြစ်သွားခြင်းကို လျော့ပေါ့ပြောဆိုရန် လျင်လျင်မြန်မြန် နည်းလမ်းရှာခဲ့ပြီး လေယာဉ်ကို လက်ဆောင်အဖြစ်ပေးသည်ဟု ဖော်ပြနေသော သတင်းများသည် မမှန်ကန်ဟု ပြော ကြားခဲ့သည်။
“လေယာဉ်ကို Air Force One အဖြစ် ယာယီအသုံးပြုရေးအတွက် ဖြစ်လာနိုင်စရာ လွှဲပြောင်းမှုကို ကာတာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတို့က လောလောဆယ်မှာ စဉ်းစားသုံး သပ်နေဆဲပါ”ဟု အမေရိကန်နိုင်ငံဆိုင်ရာ ကာတာ၏ မီဒီယာသံမှူး အလီအယ်အန်ဆာရီက ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးဟု ဆိုသည်။
အမေရိကန်ဖွဲ့စည်းပုံ၏ လုပ်ခငွေများဟူသော ဥပဒေအပိုဒ်တွင် အစိုးရတာဝန်ရှိသူများသည် ဘုရင်၊ မင်းသား၊ ပြည်ပနိုင်ငံတို့ထံမှ တံစိုးလက်ဆောင်များကို ရယူခြင်းအား တားမြစ်ကြောင်း ဖော်ပြထားသည်။
ထရန့်က ရာထူးသက်တမ်းကုန်သည့်အခါ လေယာဉ်ကို သူ၏သမ္မတစာကြည့်တိုက်သို့ လွှဲပြောင်းပေးခြင်းဖြင့် ဥပဒေကို ရှောင်ကွင်းသွားလိမ့်မည်ဟု သုံးသပ်နေကြသည်။
Ref:AFP














