မော်လမြိုင်မြို့၊ ကြာအင်းရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝင်းအတွင်း ရေးတွင်းဂွေချရန် လုပ်ဆောင် အောက်စီဂျင်ပြတ်ကာ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

မော်လမြိုင်မြို့၊ ကြာအင်းရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝင်းအတွင်း ရေးတွင်းဂွေချရန် လုပ်ဆောင် အောက်စီဂျင်ပြတ်ကာ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့
Photo Credit - Freedom Rescue (Mawlamyine)
Photo Credit - Freedom Rescue (Mawlamyine)
Published 4 May 2025

မော်လမြိုင်မြို့၊ ကြာအင်းရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝင်းအတွင်း ရေးတွင်းဂွေချရန် လုပ်ဆောင် အောက်စီဂျင်ပြတ်ကာ အမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၃ ရက်၊ နံနက် ၁၀ အချိန်ခန့်က အဆိုပါ မော်လမြိုင်မြို့၊ ကြာအင်းရပ်ကွက်၊ မြောက်ခရွမ်းရှမ်းရွာ(င) လမ်းရှိ နေအိမ်ခြံဝင်းအတွင်းရှိ ရေတွင်းအား ရေတွင်းဂွေချရာမှ အမျိုးသား သုံးဦး အောက်ဆီဂျင်ပြတ်ကာ သတိမေ့မြောမှု ဖြစ်ပွားခဲ့ကြောင်း Freedom Rescue မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရေတွင်းက ပေ၂၀ လောက်အနက်ရှိပြီးတော့ သုံးပေခွဲ ပတ်လည်လောက်ပဲ အကျယ်ရှိပါတယ်။ ရေတွင်းအောက်ခြေမှာ ရေတွင်းဂွေချဖို့ လုပ်ဆောင်ကြတဲ့အချိန်မှာ ရေတွင်းအောက်ခြေမှာ က မြေကြီးတွေပြိုကျလို့ အမျိုးသားနှစ်ဦးက ရေတွင်းထဲဆင်းပြီး မြေသားညှိပြီး ရေတွင်းဂွေချဖို့ ခလုပ်ကြတဲ့အချိန်မှာ ရေတွင်းထဲရောက်နေတဲ့ အဲ့ဒီအမျိုးသားနှစ်ယောက်က အောက်ဆီဂျင်ပြတ်ပြီး မေ့မြောသွားတာ” ဟု ပြောကြားသည်။

ထို့နောက် မြေပြင်ပေါ်ရှိ ကျန်အမျိုးသားတစ်ဦးမှ ရေတွင်းထဲသို့ ဆင်းသွားပြီး ကယ်ဆယ်ရန်လုပ်ဆောင်စဉ် ၎င်းပါ အောက်ဆီဂျင်ပြတ်ပြီး မေ့မြောသလိုဖြစ်ပွားခဲ့ကြောင်းနှင့် အိမ်ရှင်ဖြစ်သူမှ သက်ဆိုင်ရာသို့ အကူအညီတောင်းခဲ့ရာ၊ မော်လမြိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ Rescue Team နှင့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီးနောက် နောက်ဆုံးမှဆင်းသွားသည့် အမျိုးသားထံ ကြိုးချပေးနိုင်ခဲ့ပြီး ၎င်းအား အချိန်မီဆွဲတင်နိုင်ခဲ့သည့်အတွက်ကြောင့် အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်၊။

“ရေတွင်းထဲမှာက ရေကခါးစောင်းလောက်ရှိနေတယ်။ ရေတွင်းထဲကျန်ခဲ့တဲ့ အမျိုးသား နှစ်ဦးမှာက တစ်ဦးက ရေပေါ်ကို ခေါင်းပေါ်နေပေမယ့်၊ နောက်အမျိုးသားတစ်ဦးက ရေထဲကို ခေါင်းစိုက်နေတယ်။ အဲ့ဒီအမျိုးသား နှစ် ဦးလုံးကို ကယ်ဆယ်ခဲ့ပြီးတော့ ရွှေနတ်တောင်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ မေဓါရာမပရဟိတ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် သေဆုံးခဲ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရေတွင်းဂွေချရန်လုပ်ဆောင်စဉ် အောက်စီဂျင်ပြတ်ပြီး အသက်သေဆုံးခဲ့သူအမျိုးသား နှစ်ဦးမှာ နောင်ခရီရပ်ကွက်တွင် နေထိုင်ကြးသူများဖြစ်ကြကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတိ စစ်ဆေးနိုင်ရန် သက်ဆိုင်ရာ‌နယ်မြေရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

Most Read

Most Recent