ငလျင်ဒဏ်သင့်ဒေသများတွင် ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ ရောက်ရှိ

ငလျင်ဒဏ်သင့်ဒေသများတွင် ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ ရောက်ရှိ
Published 2 May 2025

ငလျင်ဒဏ်သင့်ဒေသများတွင် ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ ရောက်ရှိလာကြောင်း WHO Myanmar က ထုတ်ပြန်သည်။

အဆိုပါ ကာကွယ်ဆေးများကို အိန္ဒိယနိုင်ငံ Serum Institute of India မှ လှူဒါန်းခြင်းဖြစ်ပြီး ဝက်သက် - ဂျိုက်သိုး (MR) ကာကွယ်ဆေး အကြိမ်ရေ ၁၀၀၀၀၀ နှင့် မေးခိုင် - ဆုံဆို့ (Td) ကာကွယ်ဆေး အကြိမ်ရေ ၅၀၀၀၀ တို့ကို လက်ခံရရှိခဲ့ကာ လက်ရှိဆောင်ရွက်နေသည့် မြေငလျင်အရေးပေါ်တုန့်ပြန်မှုများအတွက် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုလို အရေးကြီးတဲ့အချိန်မှာ ရောက်ရှိလာတဲ့ ဒီကာကွယ်ဆေးတွေဟာ ယာယီစခန်းတွေနဲ့ ခိုလှုံရာနေရာတွေမှာ နေထိုင်နေရတဲ့ ရွှေ့ပြောင်းမိသားစုတွေကိုထိုးနှံပေးပြီး ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့နာရောဂါတို့မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ မေးခိုင်၊ ဆုံဆို့ ကာကွယ်ဆေးဟာ အထူးသဖြင့် ငလျင်ဒဏ်သင့်ဒေသတွေအတွက် အထူးအရေးကြီးပါတယ်။ အကြောင်းကတော့ ထိခိုက်ဒဏ်ရာများနဲ့ ညစ်ညမ်းနေတဲ့အရာဝတ္တုတွေ ထိတွေ့မိခြင်းဟာ အနာများမှတဆင့်  မေးခိုင်ရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တက်စေနိုင်လို့ ဖြစ်ပါတယ်။ ဆုံဆို့နာရောဂါပိုးဟာလည်း လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာထိတွေ့မှုဖြင့်လည်းကောင်း၊ အသက်ရှူလမ်းကြောင်းမှ တဆင့်ကူးစက်ပြန့်ပွားခြင်းကြောင့်လည်းကောင်း ဖြစ်ပွားနိုင်သောကြောင့် လူဦးရေထူထပ်သော ယာယီနေထိုင်ရာ နေရာများတွင် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်လိုအပ်ပါတယ်” ဟု WHO Myanmar က ရေးသားထားသည်။

အဆိုပါ ဆေးဝါးများကို မြေငလျင်သင့်ထားသည့် အန္တရာယ်အရှိဆုံးဒေသများသို့ ဖြန့်ဝေပေးနိုင်ရန် ဒေသခံကျန်းမာရေးဌာနများနှင့်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းWHO Myanmar က ထုတ်ပြန်သည်။

Most Read

Most Recent