နိုင်ငံတကာကုမ္ပဏီ အမှတ်တံဆိပ် ပေါင်း ၁၅၀ ကျော်၏ ဆိုင်ခန်ပေါင်း ၁၀၀ ကျော်က လေးရက်တာ ပါဝင်ရောင်းချမည့် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲအား ရန်ကုန်မြို့တွင် ဒုတိယအကြိမ် အဖြစ် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
MYANMAR POWER & SOLAR ENERGY STORAGE LIGHTING EXPO 2025 ဟု အမည်ပေးထားသည့် မီးစက်နှင့် ဆိုလာစွမ်းအင် သိုလှောင်မှုကုန်စည်ပြပွဲအား မေ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ရှိ Yangon Convention Center တွင် ပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါ ပြပွဲအား မေလ ၁ ရက်မှ ၃ ရက်အထိ Yangon Convention Center တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လည်းကောင်း၊ မေလ ၄ ရက်တွင် နံနက် ၉ နာရီ မှ နေ့လည် ၂ နာရီ အထိလည်းကောင်း ပြု လုပ်သွားမည်ဖြစ်သည်။
ပြပွဲတွင် ဝင်ရောက်ပြသသည့် SEC Solar ကုမ္ပဏီမှ Marketing Executive ဖြစ်သူ မသင်ဇာထက်က “ညီမတို့ ဟွာဝေး ထုတ်ကုန်တွေကို မြန်မာပြည်တွင်းကို အဓိကအနေနဲ့ တင်သွင်းချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီနေ့ပွဲမှာ ပြသရတာပါ။ ဟွာဝေးဟာ မြန်မာပြည်တွင်းသာမှာဆိုရင် စမတ်ဖုန်းတို့ လက်တော့တို့ကို လူသိများကြတယ်။ ဟွာဝေးရဲ့ Fusion Solar ဟာဆိုရင်လည်း ကမ္ဘာတစ်ဝန်းမှာ ၈ နှစ်ဆက်တိုက် အောင်မြင်မှုရရှိခဲ့တဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ဟွာဝေးရဲ့ Safety Level အရဆိုရင် လုံးဝကို AI ပါဝင်တဲ့နည်းပညာနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် အခြား Authentic တွေနဲ့ ယှဉ်မယ်ဆိုရင် အရမ်းစိတ်ချရတယ်။ ဒီလိုဘရန်းမျိုးကို ညီမတို့ပြည်တွင်းမှာ အသုံးပြုစေချင်တယ်။ ပြီးတော့ SEC ကိုယ်တိုင်ကလည်း ဟွာဝေးရဲ့ Official Partaner အနေနဲ့ ရထားတာဖြစ်တဲ့ အတွက်ကြောင့် ညီမတို့ ပြည်တွင်းမှာရှိတဲ့ သူတွေအနေနဲ့ အကောင်းဆုံးတွေကို သုံးစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် တင်သွင်းတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါကုန်စည်ပြပွဲတွင် နိုင်ငံတကာကုမ္ပဏီ အမှတ်တံဆိပ်ပေါင်း ၁၅၀ ကျော်က ဆိုင်ခန်းပေါင်း ၁၀၀ ကျော် လာရောက် ပြသရောင်းချခဲ့ပြီး ဆိုလာနှင့် မီးစက်များအပြင် အီလက်ထရွန်နစ် ထုတ်ကုန်များလည်းပါဝင် ပြသခဲ့ပြီး ဆိုလာပြားများမလိုအပ်ဘဲ ဘက်ထရီစနစ်တွဲရက် စမတ်အင်ဗာတာများနှင့် ဆိုလာစွမ်းအင်များကို စိတ်ဝင်တစား လာရောက်ကြည့်ရှု ဝယ်ယူသူ အထူးများပြားခဲ့ကြောင်း သိရသည်။
ပြပွဲတွင်ပါဝင် ပြသရောင်းချခဲ့သည့် CTE Myanmar Company ၏ General Manager ဖြစ်သူ ကိုစိုင်းစိုးထက်ကောင်းက “ကျွန်တော်တို့က ဇန်နဝါရီလမှာ ပထမအကြိမ် ပြုလုပ်ခဲ့တဲ့ ဆိုလာအရောင်းပြပွဲမှာ လည်း ပါဝင်ပြသခဲ့ပါတယ်။ အဲဒီပွဲမှာ Customer တွေလည်း အများကြီးရခဲ့တယ်။ အဲဒါကြောင့် ဒီတစ်ခေါက်မှာလည်း ထပ်ပြီးတော့ ပါဝင်ဖြစ်ခဲ့တာပါ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ ဘက်ထရီက High Voltage 100 Ah နဲ့ 280 Ah ရှိတယ်ပေါ့ ခင်ဗျ။ 100 Ah ကတော့ စျေးကွက်ထဲမှာ တစ်ခြား brand တွေလည်း ရှိတယ်ပေါ့ခင်ဗျ။ ကျွန်တော်တို့ 100 Ah High Voltage ဘက်ထရီကတော့ တခြား brand တွေထက် စျေးလည်း ပိုသက်သာတယ်။အာမခံဆိုရင်လည်း 10 years ထိပေးထားတယ်။ 280 Ah ဆိုတာ စျေးကွက်ထဲမှာဆိုရင် မြန်မာပြည်မှာ တစ်ဦးတည်းသောရှိတဲ့ ဘက်ထရီပေါ့။ 10 years အာမခံပေးထားတယ်။ စျေးကွက်ထဲမှာ ကျွန်တော့်တို့ တစ်ဦးထဲပဲရှိတယ်။ 280 High Voltage ကို သုံးခြင်းအားဖြင့် အနာဂတ်မှာ ဆိုရင် ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်သလို နေရာယူမှုကိုလည်း အများကြီး လျော့ချနိုင်ပါတယ်။ နောက်ပိုင်းကျရင် 16 kWh High Voltage တွေလည်း အများကြီးတင်သွင်းဖို့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
မီးစက်နှင့် ဆိုလာစွမ်းအင် သိုလှောင်မှု ကုန်စည်ပြပွဲ ပထမအကြိမ်အား ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့ပြီး တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့က ကုမ္ပဏီပေါင်း ၁၅၀ ကျော်က လာရောက် ပြသရောင်းချခဲ့ကြပြီး ဇန်နဝါ ရီ ၁၀ ရက်မှ ၁၂ ရက်အထိပြုလုပ်ခဲ့ခြင်း ဖြစ်သည်။















