နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် ထရန့်နှင့် ပူတင်တို့ တွေ့ဆုံရန် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များက တိုက်တွန်း

နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် ထရန့်နှင့် ပူတင်တို့ တွေ့ဆုံရန် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များက တိုက်တွန်း
Published 28 April 2025

နျူကလီးယားလက်နက်များကို ဖျက်သိမ်းရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင် တို့ တွေ့ဆုံကြရန် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည့် အဖွဲ့သုံးဖွဲ့က ဧပြီ ၂၈ ရက်တွင် တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့်နှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည့် ဂျပန်၏ နျူကလီးယားဗုံးဒဏ်မှ အသက်ရှင်ကျန်ရစ်သူများအဖွဲ့ဖြစ်သည့်  နီဟွန်း ဟီဒန်ကျို၊ ၂၀၁၇ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့သည့် နိုင်ငံတကနျူကလီးယားလက်နက်များ ဖျက်သိမ်းရေး လှုပ်ရှားမှုအဖွဲ့ (ICAN)နှင့် ၁၉၈၅ ခုနှစ်က နျူကလီးယား စစ်ပွဲတားဆီးရေး နိုင်ငံတကာ သိပ္ပံပညာရှင်များအဖွဲ့တို့က ပူးတွဲပြီး တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သုံးဖွဲ့ပူးတွဲရေးသားထားသည့် စာများကို ထရန့်နှင့် ပူတင်တို့ထံ ပေးပို့ခဲ့သည်ဟု ICAN အဖွဲ့က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“နျူကလီးယားအန္တရာယ် အရမ်းကြီးမားနေတဲ့ အခုလိုအချိန်မျိုးမှာ နျူကလီးယား ဖျက်သိမ်းရေးအတွက် အဓိပ္ပာယ်ပြည်ဝတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့နဲ့ တင်းမာမှုတွေ လျှော့ချဖို့ အစီအစဉ်တွေကို လုပ်ဆောင်ဖို့ မိမိတို့က သင့်အားတိုက်တွန်း ပါတယ်”ဟု အဆိုပါ သုံးဖွဲ့က ထရန့်နှင့် ပူတင်တို့ထံ ပေးစာများထဲတွင် ရေးသားခဲ့သည်။

အမေရိကန်နှင့် ရုရှားသည် ကမ္ဘာ့နျူကလီးယား လက်နက်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

ဇန်နဝါရီလက ထရန့်အာဏာပြန်ရလာခဲ့ပြီးနောက် ထရန့်သည် နျူကလီးယားဖျက်သိမ်းလိုသည့် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး ရုရှားအစိုးရကလည်း ထိုအိုင်ဒီယာနှင့်ပတ်သက်ပြီး ပွင့်လင်းမှုကို ဖော်ပြခဲ့သည့်အတွက် ယခုကဲ့သို့ ပေးစာများရေးသားရန် အစီအစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သုံးဖွဲ့က ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်များ ၀ိုင်းရံနေသည့် လက်ရှိအခြေအနေသည် ဆယ်စုနှစ်များအတွင်း တည်ငြိမ်မှု အကင်းမဲ့ဆုံးအခြေ အနေဖြစ်နေပြီး လူသားမျိုးနွယ်အားလုံးအတွက် ကြီးမားသည့် အကျိုးဆက်များကို ဖြစ်လာနိုင်စေကြောင်း ၎င်းတို့က သတိပေးခဲ့ သည်။

အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နှင့် ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးဂေါ်ဘာချော့ဗ်တို့ လုပ်ဆောင်ချက်ကို နမူနာယူကြရန်လည်း နိုဘယ်ဆုရရှိခဲ့သည့် ထိုသုံးဖွဲ့က ထရန့်နှင့် ပူတင်တို့ကို တိုက်တွန်းခဲ့သည်။

ရေဂင်နှင့် ဂေါ်ဘာချော့ဗ်တို့သည် ၁၉၈၆ ခုနှစ် စစ်အေးကာလအတွင်း အိုက်စလန်နိုင်ငံတွင် တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ နျူက လီးယားလက်နက်အင်အားကို လျှော့ချရန် သဘောတူခဲ့ကြသည်။

“နျူကလီးယား လက်နက်အင်အားကို ချဲ့ထွင်တာဟာ လုံခြုံမှုအတွက် လမ်းစဉ်တစ်ခု မဟုတ်ပါဘူး။ အဲဒီလက်နက်တွေကို မတော်တဆ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိှိရှိ အသုံးချမယ့် အန္တရာယ်ကိုပဲ မြင့်တက်စေနိုင်ပါတယ်”ဟု ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိ ခဲ့သည့် အဖွဲ့သုံးဖွဲ့က ပြောကြားခဲ့သည်။

တစ်ခုတည်းသော အလားအလာရှိသည့် လုံခြုံရေးမဟာဗျူဟာသည် ကမ္ဘာကြီးကို နျူကလီးယားကပ်ဘေးနှင့် အဝေးတွင် ရှိနေစေရန်၊ လက်နက်ဖျက်သိမ်းရေးကို ဦးစားပေး လုပ်ဆောင်ရန်ဖြစ်ကြောင်း၊ နျူကလီးယား လက်နက်များကို လူသားများ၏ လက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့် လူသားများ၏ လက်ဖြင့်ပြန်လည်ဖျက်သိမ်းရမည်ဖြစ်ကြောင်း အဆိုပါ သုံးဖွဲ့က ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent