မန်စီးတီးအသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သော ယာယာတိုရေးက ၎င်းအနေဖြင့် မန်စီးတီးအသင်းတွင်ရှိစဉ်က အသင်း၏ ကစားသမားခေါ်ယူမှုများတွင် အကြံပေးခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ယာယာတိုရေးသည် မန်စီးတီးအသင်းတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အထိ (၈) ရာသီကြာ ကစားခဲ့သူဖြစ်သည်။
အသက် (၄၁) နှစ်အရွယ်ရှိ ယာယာတိုရေးသည် မန်ယူနိုက်တက်နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်၏ You Tube ချန်နယ်အတွက် တွေ့ဆုံမေးမြန်းမှုတွင် ၎င်းအနေဖြင့် မန်စီးတီးအသင်းတွင်ကစားစဉ်က အသင်း၏ ကစားသမားခေါ်ယူမှုများတွင် အကြံပေးခဲ့ရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယာယာတိုရေးက "ကျွန်တော့်ရဲ့ အတွေ့အကြုံ၊ ကျွန်တော့်ရဲ့ အသိပညာတွေအရ အကြံပေးခဲ့ရပါတယ်။ အဂွဲရိုး၊ နာဆရီ၊ ဒေးဗစ်ဆေးလ်ဗားတို့အပါအဝင် ကစားသမားအများစုကို ခေါ်ယူဖို့ ကျွန်တော် အကြံပေးခဲ့ရပါတယ်။ ဒီအတွက် အရမ်းကျေနပ်ပါတယ်"ဟု ပြောကြားခဲ့သည်။
ယာယာတိုရေးသည် မန်စီးတီးအသင်းအတွက် ကစားခဲ့သည့် (၈) ရာသီအတွင်း ပြိုင်ပွဲစုံ (၃၁၆) ပွဲတွင် (၇၉) ဂိုးသွင်းယူခဲ့ပြီး အသင်းနှင့်အတူ ပရီးမီးယားလိဂ် (၃) ကြိမ်အပါအဝင် ဆုဖလား (၆) လုံးအထိ ရရှိခဲ့သည်။















