ထိုင်ဝမ်၏ စျေးဝယ်ကုန်တိုက်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၂၄ ဦး ဒဏ်ရာရရှိ

ထိုင်ဝမ်၏ စျေးဝယ်ကုန်တိုက်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၂၄ ဦး ဒဏ်ရာရရှိ
Published 13 February 2025

ထိုင်ဝမ်ရှိ စျေးဝယ်ကုန်တိုက်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူလေးဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ထိုပေါက်ကွဲမှုသည် တိုင်ချွမ်မြိုရှိ ရှင်းကောင်းမစ်ဆူကိုရှီ စျေးဝယ်ကုန်တိုက်၏ ၁၂ ထပ်တွင် ဖွင့်လှစ်ထားသည့် စားသောက် ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂက်စ်အိုးပေါက်ကွဲမှုဖြစ်နိုင်ကြောင်း ထိုင်ဝမ်မီး သတ်အေဂျင်စီက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်တွင် ထိုအထပ်ကို ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအတွက် ပိတ်ထားသည်ဟု ယူဆရကြောင်း မီးသတ်အေဂျင်စီက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆိုပါအထပ်မှ မျက်နှာကြက်များ၊ နံရံများသည် အဆောက်အအုံအောက်သို့ ပြုတ်ကျလာခဲ့သည့် ဗီဒီယိုများသည် လူမှုမီဒီယာများပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ပေါက်ကွဲမှုကြောင့် အဆောက်အအုံသည် တုန်ခါသွားခဲ့သည်ဟုလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ချိန်က ထိုအ ဆောက်အအုံထဲတွင်ရှိနေသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တိုင်ချွမ်မြို့တော်ဝန်လူရှီယန်က ပြောကြားခဲ့သည်။ ထိုပေါက်ကွဲမှုသည် ၁၂ ထပ်တွင်ပြုလုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့်ဆက်နွှယ်မှု ရှိ၊မရှိ စုံစမ်းနေကြောင်း မီးသတ်အေဂျင်စီက ပြောကြားခဲ့သည်။                                   

Ref:AFP

Most Read

Most Recent