အမေရိကန်သမ္မတ ထရန့်သည် ဂါဇာကို အလုံးစုံ ပြောင်းလဲပစ်ရန် ဆန္ဒရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြောကြား

အမေရိကန်သမ္မတ ထရန့်သည် ဂါဇာကို အလုံးစုံ ပြောင်းလဲပစ်ရန် ဆန္ဒရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြောကြား
ဖေဖော်ဝါရီ ၄ ရက်က ၀ါရှင်တန်ရှိ အိမ်ဖြူတော်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ဝဲ) နှင့် အမေရိကန်သမ္မတ ထရန့်တို့ကို တွေ့ရစဉ် -  Photo: AFP
ဖေဖော်ဝါရီ ၄ ရက်က ၀ါရှင်တန်ရှိ အိမ်ဖြူတော်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ဝဲ) နှင့် အမေရိကန်သမ္မတ ထရန့်တို့ကို တွေ့ရစဉ် -  Photo: AFP
Published 10 February 2025
Ref: AFP

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံ ပြောင်းလဲပစ်ရန် ဆန္ဒရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်  က ထိန်းချုပ်နိုင်ရန်အတွက် ထရန့်၏ အဆို ပြုချက်ကို နေတန်ယာဟုက ချီးကျူးခဲ့သည်။

နေတန်ယာဟုသည် အမေရိကန်တွင် ထရန့်နှင့် တွေ့ဆုံခဲ့ပြီးနောက် အစ္စရေးသို့ ပြန်လည်ရောက်ရှိချိန်တွင် ထိုကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

ထရန့်သည် အစ္စရေးဝန်ကြီးချုပ်၏ သီတင်းတစ်ပတ်ကြာ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အနေဖြင့် ဂါဇာဒေသကို ထိန်းချုပ်သင့်ကြောင်းနှင့် ဂါဇာဒေသခံများကို အခြားနေရာများသို့ ရွှေ့ပြောင်းနေရာချထား ပေးသင့်ကြောင့် ဖေဖော်ဝါရီ ၄ ရက်က ပြော ကြားခဲ့သဖြင့် နိုင်ငံတကာ၏ ဝေဖန်မှုကို ခံခဲ့ ရသည်။

နေတန်ယာဟုက အစ္စရေးကို ပြန်လည် ရောက်ရှိခဲ့ပြီးနောက် အစိုးရအဖွဲ့ကို မိန့်ခွန်း ပြောရာတွင် ဂါဇာဒေသသည် အစ္စရေးအ တွက် ခြိမ်းခြောက်မှုမဟုတ်သည့် အနေအ ထားကို စိတ်ချသေချာစေရန်အပါအဝင် ဟား မာ့စ်အဖွဲ့နှင့် ဖြစ်ပွားနေသည့် ၁၅ လတာ ကြာမြင့်လာသည့် ဂါဇာစစ်ပွဲအတွင်း အစ္စ ရေးက ချမှတ်ခဲ့သည့် စစ်ပွဲရည်မှန်းချက်များ ကို အမေရိကန်နှင့် အစ္စရေးက သဘောတူညီ ခဲ့ကြောင်း ပြောကြားခဲ့သည်။

“သမ္မတကြီး ထရန့်က အလုံးစုံကွဲပြား ခြားနားစွာ ပြောခဲ့ပါတယ်။ အစ္စရေးအတွက် ပိုပြီးကောင်းမွန်တဲ့ အမြင်ရှိပြီး ကျွန်တော် တို့ လက်ရှိဆွေးနွေးနေတဲ့ အကြောင်းအရာ ကို အလုံးစုံပြောင်းလဲမှု၊ ဆန်းသစ်တီထွင်တဲ့ ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု နေတန်ယာဟုက ထရန့်၏ ဂါဇာအစီအစဉ်ကို ရည်ညွှန်းပြောဆိုခဲ့သည်။

“သူက အဲဒီအစီအစဉ်ကို အကောင်အ ထည်ဖော်ဖို့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကို ချထားပါ တယ်။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါ တယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

နိုင်ငံတကာမဟာမိတ်များနှင့် အာရပ် နိုင်ငံများ၏ ဝေဖန်မှုများရှိနေသည့်တိုင် ထ ရန့်သည် ဖေဖော်ဝါရီ ၆ ရက်ကလည်း ၎င်းင်း၏ အစီအစဉ်ကို ထပ်မံပြောဆိုခဲ့ပြီး ဂါဇာကမ်း မြောင်ဒေသကို အစ္စရေးက တိုက်ခိုက်ပြီးစီး ချိန်တွင် အမေရိကန်က ဂါဇာကို လွှဲယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်အနေနဲ့ စစ်သားတွေကို လိုအပ်မှာမဟုတ်ပါဘူး။ ဒေသတွင်း တည်ငြိမ် မှု ရရှိတော့မှာပါ” ဟု ထရန့်က လူမှုမီဒီယာ တွင် ရေးသားခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်ကမူ ဂါဇာမှ စစ်သားများအနေဖြင့်  မိမိတို့အစီအစဉ်ဖြင့် ပြန်လည်ထွက်ခွာရန် ပြင်ဆင်ထားရန် ဖေဖော်ဝါရီ ၆ ရက်က အမိန့် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ခရီးစဉ်သည် မိမိတို့အတွက် ကြီးမားသည့်အောင်မြင်မှုများကို ဆောင် ကျဉ်းပေးနိုင်မည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ခဲ့ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်ကလည်း အမေရိ ကန်သည် အစ္စရေးအား ဒေါ်လာ ၇ ဒသမ ၄ ဘီလျံတန်ဖိုးရှိ ဗုံးများ၊ ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများရောင်းချမှုကို အတည်ပြု ကြောင်းကြေညာခဲ့သည်။

 

Most Read

Most Recent