ငွေကျပ် ၇ ဒသမ ၃ ဘီလျံ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအား ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၇ ဒသမ ၃ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၃ လမ်း၊ ၁၄၂ လမ်းနှင့် ၁၄၃ လမ်းကြားတွင် မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ဇော်မင်းနိုင် နှင့် ဇင်ကိုကိုလွင် တို့ နှစ် ဦးအား LIGHT TRUCK ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူ ၁၁ ကီလိုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများ၏ ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများ အရောင်းအဝယ်ပြုလုပ်ရာတွင် ၁၀ % အကျိုးဆောင်ခဖြင့် ပွဲစားပြုလုပ်ပေးသူ မကျော့ကေခိုင်(ခ)နန်းမွေလျန်း အား ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းနှင့် ၁၁၅ လမ်းထောင့်တွင် လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သော အိုက်စိုင်းအား ၇၂(A)လမ်း၊ ၁၁၇ လမ်းနှင့် ၁၁၈ လမ်းကြားတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားနှင့်လည်းကောင်း၊ ခွန်မြတ်(ခ)နောနော် နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေး တို့အား ၁၅၁ လမ်းနှင့် ၇၁(A)လမ်းထောင့်တွင် PRADO မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့၏ဖော်ထုတ်ချက်အရ ဘိန်းဖြူများရောင်းချခိုင်းသူ စိုင်းအိုက်ယုံ အား ၁၁၂(B)၊ ၅၀ လမ်းနှင့် ၅၁ လမ်းကြားရှိနေအိမ်တွင် ဘိန်းဆီခဲ ၂၅ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ၆၁ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားရှိ ဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ အိုက်ပေါင်း ၏ အစီအမံဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း၊၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားရှိ ဂိုဒေါင်ကို ငှားရမ်းကာ ကိုအောင် အား မူးယစ်ဆေးဝါးများ ထိန်းသိမ်းထားစေကြောင်း၊ စိုင်းမွန်း(ခ)စိုင်းမွန်လောဝ် နှင့် စိုက်အိုက်ယုံ တို့မှ မကျော့ကေခိုင်(ခ)နန်းမွေလျန်း အား ပွဲစားခ ၁၀ % ပေးပြီး မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အိုက်စိုင်း၊ ခွန်မြတ်(ခ)နောနော် နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေး တို့သည် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းရငွေများအား အဆင့်ဆင့်လွှဲပြောင်းလက်ခံယူသူများဖြစ်ကြောင်း သိရှိရပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄၂ သိန်းနှင့် ဘိန်းဆီခဲ ၂၅ ဂရမ်တို့ကို မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ဥပဒေအရ အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်း - သက်ထွန်းအောင်
ဓာတ်ပုံ-CCDAC MYANMAR















