ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေသည့် ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာ၏ဖခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ထောင်သူ ရှိတ်မူဂျီဘာရာမန်၏နေအိမ်ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆန္ဒပြသူများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ဟာဆီနာ၏ဖခင်နေထိုင်ခဲ့သည့် ဒါကာမြို့ရှိနေအိမ်သို့ ဆန္ဒပြသူများစုဝေးရောက်လာပြီး မီးရှို့ခဲ့ကြပြီးနောက် ဟာဆီနာကလည်း ကြားဖြတ်အစိုးရကိုဆန့်ကျင်ရန် ဆိုရှယ်မီဒီယာမှ လှုံ့ဆော်ထားသည်။
မျက်မြင်များ၏အဆိုအရ ဆန္ဒပြသူအချို့က တုတ်များ၊ တူများကိုင်လာကြပြီး အချို့ကလည်း အိမ်ကိုဖြိုရန်မြေတူးစက်တစ်စီး ခေါ်လာခဲ့သည်။
၂၀၂၄ ခုနှစ် ဩဂုတ်တွင် အကြီးအကျယ်ဆန္ဒပြမှုများပေါ်ပေါက်ပြီး ဝန်ကြီးချုပ်ဟာဆီနာ အိမ်နီးချင်းအိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားပြီးကတည်းက ဘင်္ဂလားဒေ့ရှ်တွင် ဆူပူမှုဆက်လက်ဖြစ်နေပြီး ထိန်းထိန်းသိမ်းသိမ်းဖြစ်ရန် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ်ဦးဆောင်သည့် ကြားဖြတ်အစိုးရက ကြိုးပမ်းနေရသည်။ပြီးခဲ့သည့်နှစ်၊ ဩဂုတ်တွင်လည်း မူဂျီဘာရာမန်၏နေအိမ် မီးရှို့ခံခဲ့ရသည်။
ထိုအိမ်သည် ၁၉၇၁ ခုနှစ်က ပါကစ္စတန်လက်အောက်မှ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရပြီဖြစ်ကြောင်းကို မူဂျီဘာရာမန် ကြေညာခဲ့သည့် နိုင်ငံအထိမ်းအမှတ်နေရာဖြစ်သလို နိုင်ငံကံဆိုးမိုးမှောင်ကျခဲ့သည့် နေရာလည်းဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် မူဂျီဘာရာမန်နှင့် ၎င်း၏မိသားစုဝင်အများစု ထိုအိမ်တွင်လုပ်ကြံခံခဲ့ရသည်။ ယင်းလုပ်ကြံမှုတွင် လွတ်မြောက်ခဲ့သူဟာဆီနာက ဖခင်၏အမွေအနှစ်ဆက်လက်ကျန်ရစ်အောင် ထိုအိမ်ကိုပြတိုက်အဖြစ် ပြောင်းလဲလိုက်သည်။
ဖခင်၏နေအိမ် မီးရှို့ခံရမှုအပေါ် ဟာဆီနာက “အဆောက်အအုံကိုပဲ ဖျက်ဆီးလို့ရမယ်။ သမိုင်းကိုတော့ ဖျက်ဆီးလို့မရဘူး” ဟုပြောကာ ကြားဖြတ်အစိုးရကိုဆန့်ကျင်ကြရန် ၎င်းကိုထောက်ခံသူများအား တိုက်တွန်းခဲ့သည်။
နိုင်ငံမှ ဟာဆီနာထွက်ပြေးသွားမှုသည် ဘင်္ဂလားဒေ့ရှ်၏သက်တမ်းအကြာဆုံးဝန်ကြီးချုပ်အဖြစ် တိုင်းပြည်ကိုအနှစ်၂၀ ကျော် ၎င်းအုပ်ချုပ်လာမှုကို ဇာတ်သိမ်းသွားစေခဲ့သည်။ ကြားဖြတ်အစိုးရကို ဦးဆောင်နေသည့် စီးပွားရေးပညာရှင်၊ ဘဏ်လုပ်ငန်းရှင်ယူနွတ်စ်က ၎င်းတည်ထောင်ထားသည့်ဘဏ်ဖြင့် ကျေးလက်နေမရှိဆင်းရဲသားများကို အထူးသဖြင့်အမျိုးသမီးများကို အသေးစားချေးငွေများ ထုတ်ပေးခဲ့သည့်အတွက် ၂၀၀၆ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရထားသူဖြစ်သည်။















