မွန်ပြည်နယ် ပေါင်မြို့မိုးနိုင်းရပ်ကွက်နှင့် ဥတ္တံတားကျေးရွာအကြား ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားတစ်စင်းအောက်တွင် ထောင်ထားသည့် လက်လုပ်မိုင်းကြီး ၁၂ လုံးတွေ့ရှိခဲ့ကြောင်း ဒေသခံများနှင့် လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းအချိန်က အဆိုပါပေါင်မြို့၊ မိုးနိုင်းရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်အကြား ရန်ကုန် - မော်လမြိုင်ကားလမ်း တံတားအမှတ် (၂/၁၇၁) ၏ ချောင်းကူးတံတားအောက်တွင် ဝါယာကြိုးများဖြင့် ချိတ်ဆက်ထားသော လက်လုပ်မိုင်းအလုံးကြီး (၁၀) လုံးကျော်အားတွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဒီနေ့ မနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အဲ့ဒီတံတားနေရာမှာ ပေါင်မြို့နယ်အခြေစိုက် တပ်က စစ်သားတွေ၊ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ က အဲ့ဒီ မိုးနိုင်းရပ်ကွက်နဲ့ ဥတ္တံတားကျေးရွာ ကြား မှာရှိတဲ့ တံတားနေရာကိုလမ်းပိတ်ပြီးတော့ ရှာဖွေစစ်ဆေးမှုတွေလုပ်နေတာမျိုးတွေ့ရတယ်။ နောက်မှ တံတားအောက် ချောင်းထဲမှာ လက်လုပ်မိုင်းအကြီး (၁၀) လုံးကျော်လောက်ထောင်ထားတာကိုတွေ့ရလို့ ရှင်းလင်းမှုတွေလုပ်ဆောင်နေတာလို့ သိရပါတယ်” ဟု ပြောကြားသည်။
ထိုသို့ တံတားအောက်တွင် ထောင်ထားသည့် လက်လုပ်မိုင်းကြီးများအား သက်ဆိုင်ရာမှ ရှင်းလင်းနေစဉ် ရန်ကုန် - မော်လမြိုင်ကားလမ်းအား ခေတ္တပိတ်ထားခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှ မိုင်းများအား ရှင်းလင်းသွားပြီးမှသာ လမ်းအား ပြန်ဖွင့်ပေးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ထိုလက်လုပ်မိုင်းကြီးများ ပေါက်ကွဲခဲ့ပါက အဆိုပါ ချောင်းကူးတံတားမှာ ပြိုကျပျက်ဆီးသွားနိုင်ပြီး၊ ရန်ကုန် - မော်လမြို်ငကားလမ်းမှလည်း အဆက်အသွယ်ပြတ်တောက်သွားနို်ငကြောင်းလည်း ဒေသခံများက သုံးသပ်ပြောကြားကြသည်။
အဆိုပါလက်လုပ်မိုင်းကြီးများမှာ အလျား (၁၉) လက်မ၊ အနံ (၈) လက်မရှိ သံဗူးများအတွင်းTNT ယမ်းများအပြည့်စီထည့်ထားသော လက်လုပ်မိုင်း (၁၂) လုံးမှ စနက်တံ (၂၃) ချောင်းအား ဝါယာကြိုးများဖြင့် တွဲလျက်ထောင်ထားသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “လက်လုပ်မိုင်းကြီးတွေထောင်ထားတဲ့ တံတားက ပေါင်မြို့ဘက်ကနေ ဇင်းကျိုက်မြို့ဘက်ကိုသွားရင်၊ ဆင်နှစ်ကောင်အရုပ်နဲ့ ပေါင်မြို့မှ ကြိုဆိုပါက၏ ဆိုတဲ့ ဆိုင်းဘုတ်လွန်ရင်တွေ့ရတဲ့ တံတားပါ။ အဲ့ဒီတံတားလွန်ရင်တော့ ဥတ္တံတားကျေးရွာ ထန်းပင်တန်းကိုရောက်မှာပါ။ မိုင်းတွေကိုတော့ တံတားအောက်ယက်မမှာ စီတင်ထားတာမျိုးတွေ့ရတယ်” ဟု ပြောကြားသည်။















