ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပထမအဆင့်တွင် ဟားမာ့စ်တို့ဘက်မှ ပြန်လွှတ်ပေးရန်ကျန်နေသည့် ဂါဇာဓားစာခံ ၂၆ ဦးထဲမှ ရှစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေး အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်မင်ဆာဆိုသူက ဇန်နဝါရီ ၂၇ ရက်တွင် ကြေညာလိုက်သည်။
သတင်းစာရှင်းလင်းပွဲတွင် ဒေးဗစ်မင်ဆာက ဟားမာ့စ်ဘက်မှပေးပို့လာသည့် ဓားစာခံစာရင်းကို အစ္စရေးကရရှိထားရာ အစ္စရေးထောက်လှမ်းရေးမှရသည့်အချက်အလက်နှင့် အတူတူဖြစ်ပြီး ရှစ်ဦးက ဟားမာ့စ်လက်ချက်ဖြင့် သေဆုံးသွားပြီဟု ပြောဆိုခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်တွင် အပစ်အခတ်ရပ်စဲရေးစတင်လိုက်ပြီးနောက် အစ္စရေးအကျဉ်းထောင်များတွင်ရှိနေသည့် ပါလက်စတိုင်းအကျဉ်းသား ၂၉၀ ကျော် ပြန်လွတ်လာရေးအတွက် ဟားမာ့စ်ဘက်မှ အစ္စရေးစားစာခံအမျိုးသမီးခုနစ်ဦးကို ပြန်လွှတ်ပေးလိုက်သည်။ သဘောတူညီမှုပထမအဆင့်တွင် အစ္စရေးဓားစာခံ ၃၃ ဦးပြန်လွှတ်ပေးရန် သဘောတူထားခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်ရုံးကြေညာချက်အရ အရပ်သားအမျိုးသမီးတစ်ဦး ၊ အမျိုးသမီးစစ်သည်တစ်ဦးအပါအဝင် ဓားစာခံသုံးဦးကို ဖေဖော်ဝါရီ ၁ ရက်တွင် ဟားမာ့စ်ကပြန်လွှတ်ပေးမည်။အစ္စရေးအဆိုအရ ဟားမာ့စ်ဖမ်းဆီးထားသည့် ဓားစာခံ ၈၇ ဦးကျန်နေသေးပြီး ၎င်းတို့အနက် ၃၄ ဦးက သေဆုံးပြီဟုယူဆရသည်။ ထို့ပြင် ဂါဇာစစ်ပွဲမဖြစ်မီ ပြန်ပေးဆွဲခံလိုက်ရသည့် အစ္စရေးနိုင်ငံသားသုံးဦးအနက် တစ်ဦးကလည်း သေဆုံးသွားပြီဖြစ်သည်။
အပစ်ရပ်ရေးသဘောတူညီမှု ဒုတိယအဆင့် ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်မည်။ဒုတိယအဆင့်တွင် ပါလက်စတိုင်းအကျဉ်းသားများနှင့် အစ္စရေးဓားစာခံများ ထပ်လဲလှယ်ရေး ၊ အစ္စရေးတပ်များ အပြီးတိုင်ဆုတ်ခွာရေးတို့ ထည့်သွင်းဆွေးနွေးကြမည်။
တတိယအဆင့်( နောက်ဆုံးအဆင့်)တွင်မူ နှစ်ချီအချိန်ယူရမည့် ဂါဇာဒေသပြန်လည်ထူထောင်ရေးနှင့် ဓားစာခံရုပ်အလောင်းများအားလုံး ပြန်ပို့ပေးရေးတို့ကို ညှိနှိုင်းယူကြမည်ဖြစ်သည်။
လတ်တလောပြန်လွတ်လာသည့် ဓားစာခံခုနစ်ဦးထဲမှအချို့သည် ဂါဇာမြေအောက်လိုဏ်ခေါင်းများထဲ ရှစ်လကျော်ကြာထိန်းသိမ်းခံခဲ့ရသည်ဟု အစ္စရေးစစ်တပ်အရာရှိတစ်ဦးကပြောသည်။
အချို့က တစ်ကိုယ်တည်းနေရပြီး အတူစုနေခဲ့ရသူများက ပိုကျန်းကျန်းမာမာရှိသည်ဟု ၎င်းအရာရှိကပြောသည်။ ၎င်းတို့ကိုပြန်မလွှတ်ပေးမီ ရက်ပိုင်းအတွင်း ကောင်းမွန်သည့်ဆက်ဆံမှုများပြလာပြီး ရေချိုး၊အဝတ်အစားလဲခွင့်ပေးကာ ကောင်းကောင်းမွန်မွန်ကျွေးသည်ဟုလည်း ပြန်လွတ်လာသည့်ဓားစာခံများကပြောသည်။
Ref:BBC
Photos--------CNN















