"၀" ဒေသ မိုင်းမောမြို့နယ် ပန်ဝိုင်ကျေးရွာတွင် မူးယစ်ဆေးသုံးကာ စိတ်မူမမှန်ဖြစ်ပြီး ဖခင်ဖြစ်သူအား ဓားဖြင့်ခုတ်သတ်သူကို UWSA ကသေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့သေဒဏ်ချမှတ်ခံရသူအား UWSA က အများပြည်သူအား ပြသခဲ့မှုကို "၀" ဒေသရုပ်သံ (WSTV)က ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ချက်ကို ကိုးကား၍ "ဝ" လူငယ့်အသံကွန်ရက်က ထပ်ဆင့်သတင်းဖော်ပြခဲ့သည်။
မူးယစ်ဆေးသုံးကာ စိတ်မူမမှန်ဖြစ်ပြီး ဖခင်ဖြစ်သူအား ဓားဖြင့်ခုတ်သတ်သူသည် အသက် ၃၀ နှစ်အရွယ်ရှိ ချိန်ညီရုန်းဆိုသည့် အမျိုးသားတစ်ဦးဖြစ်ပြီး ဖခင်ကို သေစေသည်အထိ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း "ဝ" လူငယ့်အသံ ကွန်ရက်တွင် ဖော်ပြထားသည်။
အလားတူ UWSA ကထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်က ကုန်စုံဆိုင် တစ်ခု၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကာ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အသတ်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူကို နှစ်လအကြာ အောက်တိုဘာ ၃၀ ရက်တွင် "၀" အဖွဲ့က သေဒဏ်ချမှတ်ခဲ့သည်။
"၀"အဖွဲ့အနေဖြင့် ယခင်ကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသအတွင်း ရာဇဝတ်မှုကျူးလွန်သူများကို အများပြည်သူရှေ့တွင် ပြစ်ဒဏ်ချမှတ်ပြီးနောက် ၎င်းတို့ထိန်းချုပ်ထားသည့်မြို့များတွင် ပြစ်မှုကျူးလွန်သူများကို အများပြည်သူများအား လိုက်လံလှည့်လည်ပြသလေ့ရှိသည်ကို တွေ့ရသည်။















