ရွှေဘိုမြို့နယ်တွင် ဧည့်စာရင်းမတိုင်သည့် လူငယ်တစ်ဦးအား ဖမ်းဆီးကာ ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်စပ်လျဉ်း၍ ကျပ်သိန်း ၁၃၀ တောင်းခံခဲ့သည့် မြို့နယ်ရဲမှူးနှင့် ထွေအုပ်ဝန်ထမ်းနှစ်ဦးကို အရေးယူ

ရွှေဘိုမြို့နယ်တွင် ဧည့်စာရင်းမတိုင်သည့် လူငယ်တစ်ဦးအား ဖမ်းဆီးကာ ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်စပ်လျဉ်း၍ ကျပ်သိန်း ၁၃၀ တောင်းခံခဲ့သည့် မြို့နယ်ရဲမှူးနှင့် ထွေအုပ်ဝန်ထမ်းနှစ်ဦးကို အရေးယူ
Published 28 January 2025

ရွှေဘိုမြို့နယ်တွင် ဧည့်စာရင်းမတိုင်သည့် လူငယ်တစ်ဦးအား ဖမ်းဆီးကာ ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်စပ်လျဉ်း၍ ကျပ်သိန်း ၁၃၀ တောင်းခံခဲ့သည့် မြို့နယ်ရဲမှူးနှင့် ထွေအုပ်ဝန်ထမ်းနှစ်ဦးကို အရေးယူထားကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စနစ်တကျ ဖွဲ့စည်းထားရှိ၍ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူများ သိရှိ နားလည်စေရန် ရုပ်မြင်သံကြားများနှင့် သတင်းစာများတွင် ထုတ်ပြန်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုး သားများကိုသာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆင့်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိသော်လည်း ဇန်နဝါရီ ၂၆ ရက်နေ့၌ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ရွှေဘိုမြို့နယ်အတွင်း ပြည်သူ့စစ်မှု ထမ်း ဆင့်ခေါ်မှုနှင့်ပတ်သက်၍ ငွေကြေးအလွဲသုံးစားမှု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့်

ဖြစ်စဉ်အား စိစစ်ဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့် တွင် ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော် တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်း ဧည့် စာရင်းလိုက်လံစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် ကျောက်မြစ်ကျေးရွာနေထိုင်သူ မောင်ကျော်မင်းခန့်၊ အသက်(၂၄) နှစ်၊ အဘ ဦးကိုကိုလေး သည် ဧည့်စာရင်းတိုင်ကြားထား ခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် မောင်ကျော်မင်းခန့်၏မိဘများထံသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်း စာရေး သူရိန်ညွန့်က ကျပ်သိန်း(၁၃၀)ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူ တစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့သဖြင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရသည်။

ဆက်လက်စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါ ကျပ်သိန်း (၁၃၀)အား ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော် က (၂၅)သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က (၂၅)သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့် က (၃၀)သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သူ သန်းစိုးထိုက် က (၅၀)သိန်း စသည်ဖြင့် အသီးသီးခွဲယူခဲ့ကြကြောင်း သိရသည်။

အထက်ပါကဲ့သို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူ ဆောင်ရွက်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ရယူခဲ့ကြသည့် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ် မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအား ဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်းသာ ဆင့်ခေါ်သွားရန်နှင့် ငွေကြေးများ တောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများ မရှိစေရေး တာဝန်ရှိသူများမှ အသိပညာပေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆင့်ခေါ်မှုမရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent