AA တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပေးရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ICC ထံတောင်းဆို

AA တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပေးရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ICC ထံတောင်းဆို
Published 24 January 2025

AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း စစ်သုံ့ပန်းများအားညှဉ်းပန်း သတ်ဖြတ်နေခြင်းကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီ ၂၃ ရက်တွင် တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖမ်းဆီးမိခဲ့သော မြန်မာ့တပ်မတော်တပ်သားများ သို့မဟုတ် အရပ်သားများကို AA တပ်ဖွဲ့ဝင်များကညှင်း ပန်းနှိပ်စက်ပြီး သတ်ဖြတ်နေသော ဗီဒီယိုနှစ်ခုကို မိမိတို့လက်ခံရရှိခဲ့သည်ဟု အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးခံထားရသော အရပ်သားများ သို့မဟုတ် စစ်သုံ့ပန်းများကို တရားလက်လွတ် ညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုကို စစ်ရာဇဝတ်မှုမြောက်သည်ဟု Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံဧဂျက်စ်မင်းခန့်က ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဂျီနီဗာသဘောတူညီချက်အရ ကာကွယ်စောင့်ရှောက်မှုပေးသင့်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို တရားစွဲဆိုရမည်ဟု Fortify Rights ၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

AA ကလည်း ၎င်းတို့၏တပ်ဖွဲ့ဝင်များက အကျဉ်းသားနှစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သည်ဟု ဇန်နဝါရီ ၂၄ ရက်တွင် ဝန်ခံခဲ့သည်။

စစ်စည်းကမ်းကို ချိုးဖောက်သော ယင်းဖြစ်ရပ်သည် AA က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ထိုးစစ်ဆင်သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု AA ပြောရေးဆိုခွင့်ရ ခိုင်သုခက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ဒေသခံ AA တပ်သားတွေဟာ ဒေါသမထိန်းနိုင်ခဲ့ဘဲ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်” ဟု ခိုင်သုခက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့သော နှစ်မိနစ်ကြာ ဗီဒီယိုအတိုတွင် AA ယူနီဖောင်းဝတ်ပြီး သေနတ်ကိုင်ထားသူအချို့ပါဝင်သည့် အမျိုးသားခုနစ်ဦးက မြေကြီးပေါ်တွင် လူနှစ်ဦးကို ကန်ကျောက် ရိုက်နှက်နေသည်ကို တွေ့ရသည်။

အခြားဗီဒီယိုတစ်ခုတွင် အလားတူသတ်သူများက သုံံံံ့ပန်းများကို တောခုတ်ဓားဖြင့် ခေါင်းဖြတ်နေပုံကို တွေ့ရသည်။

အဆိုပါ ဗီဒီယိုများသည် မှန်ကန်ပြီး ကျူးလွန်သူများသည် AA တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဇန်နဝါရီ ၂၄ ရက်တွင် ခိုင်သုခက ဝန်ခံခဲ့သည်။

မြန်မာနိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၏သက်သေအထောက်အထားများကို စနစ်တကျ သိမ်းထားရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တရားအပါအဝင် နိုင်ငံတကာအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရန် AA အပါအဝင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသော အဖွဲ့အစည်းအားလုံးကို Fortify Rights  က တိုက် တွန်းထားသည်။

Most Read

Most Recent