တရုတ်သရုပ်ဆောင်၊ မော်ဒယ်၊ ရိုက်ကူးရေးဝန်ထမ်းများကို လိမ်လည်ခေါ်ဆောင်ပြီး မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ခိုင်းစေသည့် ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်သူ ၁၂ ဦးကို ဖမ်းဆီးထားဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်သည်။
မကြာသေးမီက သရုပ်ဆောင် ဝမ်၊ မီးအလှပြပညာရှင် စွန်းချန် စသည့် တရုတ်နိုင်ငံသားများစွာသည် ထိုင်း-မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေမှုသည် လူမှုအသိုက်အဝန်း၏ အထူးအာရုံစိုက်ခြင်းခံခဲ့ရပြီး ယင်းဖြစ်ရပ်များအပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက များစွာအလေးထားပြီး ပြည်ပသို့ ရောက်ရှိပြီးအဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသူများ၏အခြေအနေအား ဘက်စုံခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်ရန် သက်ဆိုင်ရာဒေသတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို လျင်မြန်စွာ ဖြန့်ကြက်စီမံထားပြီး ပြည်ပအခြေစိုက် သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး စသည့် သက်ဆိုင်ရာဌာနများနှင့် စုံစမ်းစစ်ဆေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
လက်ရှိတွင် သရုပ်ဆောင် ဝမ်၊ စွန်းချန်၊ အပါအဝင် ခြောက်ဦးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဘေးကင်းစွာပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ကျန်ရှိသူများကို ကယ်ဆယ်ရေးနှင့် အမှုစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး သတင်းတွင် ဆက်လက်ဖော်ပြသည်။
တရုတ်သရုပ်ဆောင် ဝမ်မှာ ဒီဇင်ဘာ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ကာဗီဒီယိုရိုက်ကူးသည့် အလုပ်ခေါ်စာကိုတွေ့ရှိသဖြင့် ထိုခေါ်စာပါ အကြောင်းအရာအတိုင်း ဒုတိယဒါရိုက်တာ “ယန်စီလျို့” ၏ ဝီချက်အကောင့်ကို ဆက်သွယ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက်ရိုက်ကူးရေးကိစ္စအတွက်ညှိနှိုင်းခဲ့ကြောင်း၊ ဇန်နဝါရီ ၃ ရက် နံနက်ခင်းတွင် ဝမ်သည် ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိပြီးနောက် “ယန်စီလျို့” စီစဉ်သည့်ကားဖြင့် စီးနင်းလိုက်ပါခဲ့ရာထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ “အပိုလို” ဇုန် (Apolo Park) သို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ ထို့နောက် “ဟွမ်ရာ့” “ခိုင်ရွှမ်” စသည့် ဆက်သွယ်ရေးလိမ်ညာမှုဇုန်များစွာသို့ ထပ်မံရောင်းစားခြင်းခံခဲ့ရကြောင်း ဆင်ဟွာက ဆိုသည်။
လူကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ကာလအတွင်းမှာပင် အမှုစုံစမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ မြဝတီတွင် ခိုအောင်းနေပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်သည့် ရာဇဝတ်ဂိုဏ်းကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ အဆိုပါရာဇဝတ်ဂိုဏ်းသည် ဝီချက်အဖွဲ့များစွာတွင် သရုပ်ဆောင်၊ မော်ဒယ်၊ ရိုက်ကူးရေးအဖွဲ့ဝန်ထမ်းများ အလုပ်ခေါ်သည် ဟူသော အချက်အလက်အတုများ ထုတ်ပြန်ကာ လာရောက်ရန်ဆန္ဒရှိသူများအတွက် လေယာဉ်လက်မှတ်ဝယ်ပေးခြင်း၊ ဟိုတယ်ဘိုကင် လုပ်ပေးခြင်း၊ ကားစီစဉ်ပေးခြင်းစသည့် နည်းလမ်းများဖြင့် အဆိုပါလူများကို ထိုင်းနိုင်ငံပြည်တွင်းသို့ လိမ်လည်ခေါ်ဆောင်ပြီးနောက် မြန်မာနိုင်ငံမြဝတီသို့ ထပ်မံပို့ဆောင်ကာ ဆက်သွယ်ရေးလိမ်ညာမှုဇုန်များသို့ လူကုန်ကူးခဲ့ကြောင်း သိရသည်။
မကြာသေးမီက အွန်လိုင်းပေါ်တွင် ပေါ်ထွက်လာသည့် သက်ဆိုင်ရာလူပုဂ္ဂိုလ်များပြည်ပတွင် အဆက်အသွယ်ပြတ်တောက်ခြင်း၊ ပိတ်မိခြင်းအမှုများသည် အဆိုပါရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်နေကြောင်း၊ လက်ရှိတွင် ပြည်တွင်းပြည်ပ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၁၂ ဦးကို တရုတ်-ထိုင်း ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးရမိပြီးဖြစ်ကာ သက်ဆိုင်ရာအမှုစုံစမ်းစစ်ဆေးမှုနှင့် အခြား ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအား လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။















