မော်လမြိုင်မြို့ တောင်ဝိုင်းတောင်အဆင်းလမ်းတွင် Light Truck အမျိုးအစားယာဉ်တစ်စီး အရှိန်လွန်ကာ ချောက်ထဲထိုးကျပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မော်လမြိုင်မြို့ တောင်ဝိုင်းတောင်အဆင်းလမ်းတွင် Light Truck အမျိုးအစားယာဉ်တစ်စီး အရှိန်လွန်ကာ ချောက်ထဲထိုးကျပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
Published 2 January 2025

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ တောင်ဝိုင်းတောင်အဆင်းလမ်းတွင် ဇန်နဝါရီ ၁ ရက်က ညနေ ၅ နာရီအချိန်ခန့်က Light Truck အမျိုးအစားယာဉ်တစ်စီးအရှိန်ကာ ချောက်ထဲထိုးကျခဲ့ရာမှ ယာဉ်ပေါ်လိုက်ပါလာသူ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရှိခဲ့ကြောင်း Bo Bo Win Rescue Team ထံမှ သိရသည်။

မော်လမြိုင်မြို့ ကျောက်တန်းစက်မှုဇုန်ရှိ လုပ်ငန်းခွင်တစ်ခုမှ ပန်းရံသမားများလိုက်ပါလာသော အဆိုပါ Light Truck အမျိုးအစား မော်တော်ယာဉ်မှာ တောင်ဝိုင်းတောင်ပေါ်မှ တောင်ဝိုင်းတောင်အဆင်းလမ်းအတိုင်း ဆင်းလာစဉ် စစ်ဆေးဂိတ်အနီးလမ်းကွေ့နေရာတွင် အရှိန်လွန်ကာ လမ်းဘေးရှိချောင်ထဲသို့ ထိုးကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Bo Bo Win Rescue Team မှ ကိုဘိုဘိုဝင်းက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ယာဉ်မောင်းက ပန်းရံအဖွဲ့ခေါင်းဆောင်လို့ သိရပါတယ်။ Light Truck ယာဉ်ပေါ်မှာက ကလေးတစ်ယောက် နဲ့ ယာဉ်မောင်းအပါအဝင် ကျား/မ ၁၆ ဦး လိုက်ပါလာတယ်။ ယာဉ်ကချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့လို့ ယာဉ်ပေါ်လိုက်ပါလာသူ ကျား/မ ၁၁ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ အနီရောင်အဆင့် လူနာတွေတော့ မပါဘူး အများအားဖြင့် ပွန်းပဲ့ဒဏ်ရာတွေရခဲ့ကြပါတယ်” ဟု ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား Bo Bo Win Rescue Team မှ လိုအပ်သည့် ပြုစုကုသမှုများ လုပ်ဆောင်ခဲ့ပြီးနောက် လူနာတင်ယာဉ်များဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၃၁ ရက် ညပိုင်းအချိန်ကလည်း မော်လမြိုင်မြို့ ဈေးကြိုနယ်မြေအတွင်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Bo Bo Win Rescue Team ထံမှ သိရသည်။

Most Read

Most Recent