မရမ်းကုန်မြို့နယ််တွင် ညီဖြစ်သူ၏ မင်္ဂလာဧည့်ခံပွဲသို့လာရောက်သည့် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်အရာရှိတစ်ဦးနှင့် ၎င်း၏ညီမဖြစ်သူတို့ကို ဒီဇင်ဘာ ၂၂ ရက်က PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယင်းမင်္ဂလာဧည့်ခံပွဲကို မရမ်းကုန်းမြို့နယ် အထက်ဗဟိုလမ်းရှိ APOLLO ဟိုတယ်တွင်ကျင်းပခဲ့ပြီး အဆိုပါဗိုလ်မှူးသည် ဧည့်ခံပွဲပြီးဆုံးသဖြင့် ဟိုတယ်မှအထွက် ဗဟိုလမ်းပေါ်အရောက် အသင့်စောင့်ဆိုင်းနေသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် လေးချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သေနတ်ဖြင့် ပစ်ခတ်သူများသည် ထွက်ပြေးသွားခဲ့ပြီး တပ်မတော်အရာရှိတွင် လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်း၏ညီမဖြစ်သူတွင် ခါးရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရသည့် တပ်မတော်အရာရှိသည် ဗိုလ်မှူးဇေယျာမင်းဖြစ်ပြီး ၎င်းသည် ပြင်ဦးလွင် တပ်မတော်စက်မှုလက်မှုသင်တန်းကျောင်းမှ နည်းပြတစ်ဦးဖြစ်ကြောင်း တပ်မတော်နှင့်နီးစပ်သည့် တယ်လီဂရမ်ချန်နယ်အချို့တွင် ရေးသားထားချက်အရ သိရသည်။
ယင်းသို့ ဗိုလ်မှူးဇေယျာမင်းအား ပစ်ခတ်ခြင်းမှာ ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု PDF အဖွဲ့များသည့် Yangon Phoenix နှင့် Together Urban Force အမည်ရှိ အဖွဲ့တို့က ထုတ်ပြန်ထားသည်။















