အနောက်အုပ်စုက ယူကရိန်းကို တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးပါက နေတိုးနှင့် ရုရှားတို့ စစ်ဖြစ်လိမ့်မည်ဟု သမ္မတပူတင် သတိပေး

အနောက်အုပ်စုက ယူကရိန်းကို တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးပါက နေတိုးနှင့် ရုရှားတို့ စစ်ဖြစ်လိမ့်မည်ဟု သမ္မတပူတင် သတိပေး
စက်တင်ဘာလဆန်းပိုင်းက မော်စကို သတင်းစာရှင်းလင်းပွဲ၌ သမ္မတပူတင် ရှင်းလင်းပြောကြားနေသည်ကို တွေ့ရစဉ်(Photo:AFP)
စက်တင်ဘာလဆန်းပိုင်းက မော်စကို သတင်းစာရှင်းလင်းပွဲ၌ သမ္မတပူတင် ရှင်းလင်းပြောကြားနေသည်ကို တွေ့ရစဉ်(Photo:AFP)
Published 14 September 2024

မိမိ၏နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်းအား တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးခြင်းသည် နေတိုးနှင့် ရုရှားတို့ကို စစ်ဖြစ်စေလိမ့်မည်ဟု စက်တင်ဘာ ၁၂ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးခဲ့သည်။

ယူကရိန်းကို ရုရှားကျူးကျော်မှုနှစ်နှစ်ခွဲ ကျော်ရှိလာချိန်တွင် ရုရှားနိုင်ငံကို အနောက်အုပ်စုကပေးသော လက်နက်များဖြင့် ပစ်ခတ်ရာတွင် စည်းမျဉ်းစည်းကမ်းများ လျှော့ချပေးရေးအတွက် ကိယက်ဇ်၏ တောင်းဆိုမှုကို အမေရိကန်နှင့်ဗြိတိန် တာဝန်ရှိသူများက ဆွေးနွေးခဲ့သောကြောင့် ပူတင်၏ တင်းတင်းမာမာသတိပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်များတွင် ယူကရိန်းတပ်ဖွဲ့များ နယ်မြေအသာစီး ရယူထားသော ရုရှားအနောက်ပိုင်းနယ်မြေ ကာ့ရှ်ရှိ ကျယ်ပြေလှသော နယ်မြေကို ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။

ရုရှားပစ်မှတ်များကို တိုက်ခိုက်ရန် အနောက်အုပ်စုက ပေးထားသောလက်နက်များကို အသုံးပြုရာ၌ ပိုမိုလူးသာလွန့်သာရှိ စေရေးအတွက် ယူကရိန်း မေတ္တာရပ်ခံထားသည်မှာ ကြာပြီဖြစ်တောင်းဆိုချက်ကို အမေရိကန်က လျင်မြန်စွာ ဆန်းစစ်လိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ကတိပေးခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒါဟာ ပဋိပက္ခရဲ့တကယ်စင်စစ် သဘောသဘာဝကို အထူးခြားဆုံးနည်းလမ်းနဲ့ ပြောင်းလဲသွားစေပါလိမ့်မယ်”ဟု ပူတင်က အစိုးရရုပ်သံ သတင်းထောက်ကို ပြောကြားခဲ့သည်။

“နေတိုးနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတွေဟာ ရုရှားနဲ့စစ်ခင်းရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

“အဲဒီကိစ္စဖြစ်လာမယ်ဆိုရင် ပဋိပက္ခရဲ့ သဘောသဘာဝ အပြောင်းအလဲကို ထည့်သွင်းစဉ်းစားပြီး ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ခြိမ်းခြောက်မှုတွေကို အခြေခံပြီး ဆီလျှော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရပါလိမ့်မယ်”ဟု သမ္မတပူတင်က ဆက်လက် ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်မြို့တော် ၀ါဆော၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ ဘလင်ကင်က   “အမေရိကန်ပြည်ထောင်စုဟာ အလိုက်သင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လိုအပ်တဲ့အတိုင်း အလိုက်အထိုက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ ရုရှားကျူးကျော်မှုကို ထိရောက်စွာ ခုခံဖို့ ယူကရိန်း သဘောရှိအသုံးပြုလို့ရမယ့် နည်းလမ်းတွေကို အလိုက်သင့် ပြောင်းလဲတာလည်း ပါဝင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ယူကရိန်းသည် သြဂုတ် ၆ ရက်တွင် ရုရှား၏ကာ့ရှ်ဒေသထဲကို ရှောင်တခင်ကျူး ကျော်ဝင်ရောက်သည့် စစ်ဆင်ရေးကိုလုပ် ဆောင်ခဲ့ရာ ရုရှားနယ်မြေထဲသို့ ကီလိုမီတာပေါင်းများစွာ ချီတက်သွားခဲ့ပြီး မြို့ရွာဒါဇင် ပေါင်းများစွာကို သိမ်းပိုက်ခဲ့သည်။

သို့ရာတွင် ရုရှားစစ်သားများက ပြန်လည်တိုက်ခိုက်နေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်ထဲကို ပြည်ပစစ်တပ်၏အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည့် ယူကရိန်းတိုက်ခိုက်မှု သည် ရုရှားကို အငိုက်မိစေခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များကို ကာ့ရှ်ဒေသထဲ မှ မောင်းထုတ်ရလိမ့်မည်ဟု အစကတည်းက ရုရှားက တောက်လျောက် ပြောကြားခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်ထိ ရုရှားသည် ခံစစ်အနေအထားဖြစ်နေခဲ့သည်။ ထို့ကြောင့် ရုရှားသည် လူသားချင်းစာနာမှု ဆိုင်ရာ တုံ့ပြန်မှုများကို လုပ်ဆောင်နေရပြီး လူ ၁၅၀,၀၀၀ ဝန်းကျင်ကို နေရာရွှေ့ပြောင်းခိုင်းခဲ့ရသည်။

မြောက်ပိုင်းတပ်ဖွဲ့များက နှစ်ရက်အတွင်း မြို့ရွာ ၁၀ ခုကို လွတ်မြောက်စေခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။                                            

Ref:AFP

Most Read

Most Recent