တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုဖြင့် နိုင်ငံရေးပါတီလေးပါတီမှ တာဝန်ရှိသူများ တရုတ်နိုင်ငံသို့ သွားရောက်မည်

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုဖြင့် နိုင်ငံရေးပါတီလေးပါတီမှ တာဝန်ရှိသူများ တရုတ်နိုင်ငံသို့ သွားရောက်မည်
Published 12 July 2024

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုဖြင့် နိုင်ငံရေးပါတီလေးပါတီမှ တာဝန်ရှိသူများ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့သွားရောက်မည့် နိုင်ငံရေးပါတီလေးပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ) တို့ဖြစ်ကြောင်း သိရသည်။

“တရုတ်နိုင်ငံအနေနဲ့က ဟိုးတစ်ချိန်တုန်းက အစိုးရချင်းဆက်ဆံတယ်ပေါ့။ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်လာတဲ့နောက်ပိုင်းမှာ ပြည်သူချင်းဆက်ဆံရေး၊ အလွှာစုံဆက်ဆံရေးဆိုတာကို ပုံစံပြောင်းလာတာ သတိထားမိပါတယ်။ ကျွန်တော်တို့ဆိုရင်လည်း ၂၀၁၇၊ ၂၀၁၈ ပါတီစထောင်ကတည်းက တရုတ်ကွန်မြူနစ်ပါတီက ပါတီချင်းဆက်ဆံရေးစပြီး ဆောင်ရွက်လာတာ အခုအချိန်ထိပါပဲ။ လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလမှာ ပါတီချင်းဆက်ဆံရေးအနေနဲ့ ဖိတ်ကြားတာဖြစ်ပါတယ်။ အသေးစိတ်ကတော့ ပြန်လာပြီးမှပဲ ပြောလို့ရမယ်ပေါ့” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ယခုခရီးစဉ်သည် ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အထိဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏နိုင်ငံတကာ ဆက်ဆံရေးဌာနနှင့် တွေ့ဆုံရန်ရှိကာ ဖိတ်ကြားခံရသည့်ပါတီများသည်လည်း နိုင်ငံရေးပါတီများအစုအဖွဲ့အစည်းအဝေးက ရွေးချယ်ထားသည့် ဦးဆောင်ပါတီလေးခုကို ဖိတ်ကြားသည့် သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကတော့ ပါတီချင်းဆက်ဆံရေးအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံချင်းဆက်ဆံရေးမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်ရေး၊ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက်ကို အဲဒီအခြေခံပေါ်ကနေ ဆွေးနွေးခွင့်ရရင် ဆွေးနွေးမယ်လို့ စဉ်းစားထားတာရှိပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူတွေလုံခြုံမှုမရှိ၊ ထိတ်ထိတ်လန့်လန့်ဖြစ်နေတဲ့အခြေအနေတွေကို တရုတ်အစိုးရဘက်ကို ရှင်းပြ၊ ပြောပြဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံဒီမိုကရေစီအပြောင်းအလဲမှာပေါ့။ အထူးသဖြင့် ၂၀၁၀ နောက်ပိုင်းမှာ တရုတ်နိုင်ငံက ပါတီတွေရော၊အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ မီဒီယာတွေအလွှာပေါင်းစုံဆက်ဆံရေးကို တိုးမြှင့်လာတာတွေ့ရပါတယ်။ ဒါ့ကြောင့်မလို့ ကျွန်တော်တို့ကလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးဆိုတာက နိုင်ငံအပြောင်းအလဲအတွက် အင်မတန်အရေးကြီးတာဖြစ်ပါတယ်''ဟု ဦးကိုကိုကြီးက ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် ယခင်က နိုင်ငံရေးပါတီများကို တရုတ်နိုင်ငံသို့မကြာခဏ လေ့လာရေးခရီးများဖိတ်ခေါ်လေ့ရှိပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် နိုင်ငံရေးပါတီများကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးခေါ်ယူမှု မရှိသည်ကိုတွေ့ရကာ ယခုအခါ နိုင်ငံရေးပါတီများကို ပြန်လည်ထိတွေ့ဆက်ဆံလာခြင်းဖြစ်သည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “သံခင်းတမန်ခင်းဆက်ဆံရေးဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ ရှေ့တန်းမျက်နှာစာဖြစ်ပါတယ်။ ဒါ့ကြောင့်သံခင်းတမန်ခင်းကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရင် အချို့ကိစ္စတွေကို ဖြေရှင်းပြီးသားလည်း ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံအနေနဲ့ရော အစိုးရဆက်ဆံရေး၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆက်ဆံရေး၊ ကျွန်တော်တို့ဆိုရင် အစိုးရပိုင်းနဲ့ UEC တစ်ဆင့် NSPNC တစ်ဆင့် ထိတွေ့နေတာရှိသလို ပါတီဝင်တွေ၊ ပြည်သူတွေနဲ့ ထိတွေ့နေတာလည်းရှိတယ်။ ဒါက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ကြားထဲမှာ ပေါင်းကူးနိုင်တဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးပါတီတွေအားကောင်းဖို့၊ သံတမန်ဆက်ဆံရေးတွေ တိုးမြှင့်လာဖို့ကိစ္စဟာ နိုင်ငံရဲ့ပဋိပက္ခဖြေရှင်းရေးအတွက်လည်း အင်မတန်အရေးပါတယ်။ ပြည်သူတွေအနေနဲ့လည်း နိုင်ငံရေးအရ ဖြေရှင်းနိုင်မှ ဒီပြဿနာတွေက ပြေလည်မယ်။ ဒါ့ကြောင့် နိုင်ငံရေးပါတီအားကောင်းဖို့အတွက် ဝိုင်းပြီး ပံ့ပိုးကူညီကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့်ဇွန် ၂၇ ရက်မှ ဇွန် ၃၀ ရက်အထိ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ လေးရက်ကြာခရီးစဉ် သွားရောက်ခဲ့ပြီး တစ်ပတ်ခန့်အကြာ ဇူလိုင် ၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံသို့ သွားရောက်ထားသည်။

Most Read

Most Recent