အန်ဆယ်လော့တီ၏ ပြောစကားများကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ရီးယဲလ်အသင်း တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ရ

အန်ဆယ်လော့တီ၏ ပြောစကားများကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ရီးယဲလ်အသင်း တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ရ
Photo: Getty Images
Photo: Getty Images
Published 12 June 2024

 

နည်းပြ အန်ဆယ်လော့တီ၏ ပြောစကားများကြောင့် အငြင်းပွားဖွယ်ရာများ ဖြစ်လာခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းက ၂၀၂၅ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက "ရီးယဲလ်အသင်းရဲ့ ပွဲတစ်ပွဲက ယူရို သန်း ၂၀ လောက် တန်ကြေးရှိပါတယ်။ FIFA က ပြိုင်ပွဲတစ်ခုလုံးအတွက် အဲဒီပမာဏလောက်ကိုပဲ ပေးသွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့လိုပဲ တခြားအသင်းတွေကလည်း FIFA ရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆန်ကြပါလိမ့်မယ်"ဟု အီတလီ နေ့စဉ်ထုတ်သတင်းစာ II Giornal နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး လာမည့် ၂၀၂၅ ပြိုင်ပွဲမှစ၍ ပြိုင်ပွဲဝင်အသင်း ၃၂ သင်းပါဝင်သည့် ပြိုင်ပွဲအဖြစ် တိုးမြှင့်ကျင်းပရန် စီစဉ်ထားခဲ့သည်။ ယင်းပြိုင်ပွဲကို လာမည့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၃ ရက်အထိ အမေရိကန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းက လာမည့် ၂၀၂၄-၂၅ ရာသီ FIFA မှ ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသစ်တွင် မိမိတို့၏ ပါဝင်ယှဉ်ပြိုင်မှုအပေါ် မေးခွန်းထုတ်ရန် အချိန်မရှိဟု ကြေညာလိုကြောင်း၊ မိမိတို့အသင်းသည် ယင်းတရားဝင်ပြိုင်ပွဲတွင် စီစဉ်ထား သည့်အတိုင်း ပါဝင်ဆင်နွှဲမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ မိမိတို့၏သန်းနှင့်ချီသော ပရိသတ်များအား အခြားဆုဖလားနှင့်အတူ ထပ်မံလှုံ့ဆော်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။ အန်ဆယ်လော့တီကလည်း မိမိ၏ပြောစကားကို နားလည်မှုလွဲမှားသွားခြင်းသာဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့်  ပြန်လည်ရှင်းလင်းခဲ့သည်။

၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည့် ပြိုင်ပွဲဝင်အသင်း ၃၂ သင်းအနက် ၂၉ သင်း အဖြေပေါ်နေပြီဖြစ်ပြီး လက်ကျန်သုံးနေရာအတွက်သာ ကျန်ရှိတော့သည်။ ဥရောပကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခွင့် ရမည့် ၁၂ သင်းစလုံး အမည်စာရင်း ထွက် ပေါ်ထားပြီဖြစ်ပြီး ယင်းအသင်းများမှာ ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ PSG ၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ဆာလ်ဇ်ဘာ့ဂ်တို့ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent