မြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းထွန်းမင်းနှင့် နာမည်ကြီးခွန်ခမာဖိုက်တာ ပရွန်ဆန်နန်တို့၏ပွဲစဉ်ကို ဖေဖော်ဝါရီ (၂၉)ရက်တွင် ပြောင်းလဲကျင်းပမည်

မြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းထွန်းမင်းနှင့် နာမည်ကြီးခွန်ခမာဖိုက်တာ ပရွန်ဆန်နန်တို့၏ပွဲစဉ်ကို ဖေဖော်ဝါရီ (၂၉)ရက်တွင် ပြောင်းလဲကျင်းပမည်
Photo: X
Photo: X
Published 24 February 2024

 

နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းထွန်းမင်းနှင့် နာမည်ကြီး ခွန်ခမာဖိုက်တာ ပရွန်ဆန်နန်တို့၏ပွဲစဉ်ကို ဖေဖော်ဝါရီ (၂၉) ရက်တွင် ပြောင်းလဲထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ယခင်က မတ်လအတွင်း ကျင်းပရန်စီစဉ်ထားသော်လည်း ရှေ့တိုးပြီး ဖေဖော်ဝါရီ (၂၉)ရက်တွင် ပြောင်းလဲထိုးသတ်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် ကမ္ဘောဒီးယားဖိုက်တာ ပရွန်ဆန်နန်တို့သည် စိတ်မကျေပွဲ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး ခွန်ခမာရိုးရာလက်အိတ်နှင့် ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။ ထွန်းထွန်းမင်းနှင့် ပရွန်ဆန်နန်သည် ၂၀၂၃ ခုနှစ် မေလက ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်တွေ့ဆုံခဲ့ပြီး ပရွန်ဆန်နန်က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများသည် ယခုနောက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် ခွန်ခမာပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဖေဖော်ဝါရီ (၂၉)ရက် ကျင်းပမည့်ပြိုင်ပွဲတွင် ထွန်းထွန်းမင်းအပြင် ကျော်စွာဝင်းလည်း သွားရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း (၇)ပွဲ ပါဝင်မည်ဖြစ်ပြီး အမျိုးသမီးတွဲဆိုင်း တစ်ပွဲလည်း ပါဝင်မည်ဖြစ်သည်။ ပြိုင်ပွဲတွင် ကမ္ဘောဒီးယားဖိုက်တာများသည်  ပြည်ပနိုင်ငံများဖြစ်သော မြန်မာ၊ အီရန်၊ ဗီယက်နမ်၊ ဘရာဇီးလ်ဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။ ပရွန်ဆန်နန်နှင့်  ထွန်းထွန်းမင်းတို့ ၏တွဲဆိုင်းကို Main-Event အဖြစ် ကျင်းပမည်ဖြစ်သည်။ 

ထွန်းထွန်းမင်းနှင့် ထိုးသတ်မည့် ပရွန်ဆန်နန်သည် ဖေဖော်ဝါရီ (၉)ရက်က မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သည့် ရာမန် နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ ရာမာန်သည် လက်ရည်အသာဖြင့် ထိုးသတ်နိုင်ခဲ့သော် လည်း ဒုတိယအချီတွင် ပရွန်ဆန်နမ်၏ ခြေကန်ချက်များကြောင့် အထိနာခဲ့ပြီး အလဲထိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ဖေဖော်ဝါရီ (၂၉)ရက်ထိုးသတ်မည့် ပြိုင် ပွဲတွင် ထွန်းထွန်းမင်းနှင့်အတူ ထိုးသတ်မည့် ကျော်စွာဝင်းသည် ကမ္ဘောဒီးယားဖိုက်တာ ရိုဝမ်ဆော့ဖွန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ဆော့ဖွန်သည် မြန်မာ့ရိုးရာလက်ဝှေ့ပွဲစဉ်များ ယှဉ်ပြိုင်ထိုးသတ်ဖူးသူဖြစ်သည်။ ကျော်စွာဝင်းသည် ယခုနောက်ပိုင်းနှစ်များတွင် သိသိသာသာ တိုးတက်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ဇန်နဝါရီ (၂၈)ရက်က သွေးသစ်ဝင်းလှိုင်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ သရေကျခဲ့သည်။

Most Read

Most Recent