နာမည်ကျော် အီတလီနည်းပြတစ်ဦးဖြစ်သည့် အန်တိုနီယိုကွန်တီသည် လာမည့်ရာသီ၌ အေစီမီလန်အသင်းကို ကိုင်တွယ်တော့မည် ဟူသည့်သတင်းများ ပိုမိုထွက်ပေါ်လာခဲ့သည်။
ကွန်တီသည် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သလို၊ ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးနှင့် စပါးတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။
ကွန်တီ(၅၄ နှစ်)သည် ၂၀၂၃ ခုနှစ် မတ်လတွင် စပါးအသင်းနှင့် လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်သည်။
အေစီမီလန်အသင်းမှာ လက်ရှိနည်းပြ ပီအိုလီ၏ စွမ်းဆောင်ရည်ကို ကျေနပ်အားရခြင်းမရှိတော့သည့်အတွက် နည်းပြအပြောင်း အလဲပြုလုပ်ရန် စီစဉ်နေရာ ဂျူဗင်တပ်စ်တွင်ရော အင်တာမီလန်အသင်းတွင်ပါ အောင်မြင်မှုရယူနိုင်ခဲ့သည့် ကွန်တီကို မျက်စိကျနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းများအရ လက်ရှိအချိန်၌ အသင်း၏အကြံပေးအဖြစ် ဆောင်ရွက်နေသော တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်သည် ကွန်တီနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကွန်တီနှင့် ၎င်း၏ နည်းပြအဖွဲ့ဝင်များသည် ပြီးခဲ့သည့် အင်္ဂါနေ့က အေစီမီလန်အသင်း၏ ရုံးချုပ်အနီးတွင်ရှိသော စားသောက်ဆိုင်၌ ညစာစားခဲ့ ကြသည့်အတွက် သတင်းများ ပိုမိုထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ကွန်တီကို နာပိုလီနှင့် ရိုးမားတို့ကလည်း ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။