ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင် တစ်သိန်း စည်းရုံးမည်ဆိုသော အချက် နေရာတွင် ပါတီဝင် ငါးသောင်း စည်းရုံးမည်ဟု အစားထိုးထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြဋ္ဌာန်း

ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင် တစ်သိန်း စည်းရုံးမည်ဆိုသော အချက် နေရာတွင် ပါတီဝင် ငါးသောင်း စည်းရုံးမည်ဟု အစားထိုးထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြဋ္ဌာန်း
Published 30 January 2024

ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်နေရာတွင် ပါတီဝင်ဦးရေ အနည်းဆုံး ငါးသောင်းကို စည်ရုံးမည်ဆိုသည့် ဝန်ခံချက်ဖြင့် အစားထိုးထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအား နစကမှ ပြဋ္ဌာန်းလိုက်သည်။

ဇန်နဝါရီ ၃၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(စ)တွင် ပြဋ္ဌာန်းထားသည့် “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်” ဆိုသည့် မူလပြဋ္ဌာန်းချက်မှ “ရက်ပေါင်း ၉၀” ဆိုသည့် စကားရပ်ကို “ရွေးကာက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြေညာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀၀၀” ဆိုသည့် စကားရပ်ကို “ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်ဟု ပြဌာန်းထားသည်။

အလားတူ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ) တွင် ပြဋ္ဌာန်းထားသည့် “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီရုံးခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ခံချက်” ဆိုသည့် ပြဋ္ဌာန်းချက်ပါ “ ရက်ပေါင်း ၁၈၀” ဆိုသည့် စကားရပ်ကို “ရွေးကာက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြေညာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်” ဆိုသည့် စကားရပ်ကို “ မြို့နယ်အားလုံး၏ အနည်းဆုံး သုံးပုံတစ်ပုံ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်သည့်ဥပဒေတွင် အစားထိုးပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၇ တွင် ပြဋ္ဌာန်းထားသည့် မူလပြဋ္ဌာန်းချက်အား “ပါတီတစ်ခုသည် (က) မိမိ၏နှစ်စဉ် ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်များနှင့်စပ်လျဉ်းသည့် နှစ်ချုပ်စာရင်းပြုစုခြင်း၊ ပါတီစည်းမျဉ်းများနှင့်အညီ အတည်ပြုချက်ရယူခြင်းတို့ကို သတ်မှတ်သည့်အတိုင်း ဆောင်ရွက်ရမည်။ (ခ) ပုဒ်မ ၅ ပုဒ်မခွဲ(ဆ)အရ ငွေစာရင်းဖွင့်လှစ်ထားသည့် ပါတီရန်ပုံငွေကို ကော်မရှင်က ထုတ်ပြန်သည့်အမိန့် သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ သုံးစွဲရမည်” ဟု အစားထိုးပြဋ္ဌာန်းထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဆ)တွင် ပြဋ္ဌာန်းထားသော ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်အား “ကြားဖြတ်ရွေးကောက်ပွဲဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှရုပ်သိမ်းခံရခြင်းတို့ကြောင့် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအားလျော်စွာ ကော်မရှင်က သတ်မှတ်ကျင်းပသည့် ရွေးကောက်ပွဲကိုဆိုသည်” ဟု အစားထိုး ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေတွင် မူလပြဋ္ဌာန်းထားသည့် ပုဒ် ၁၉ ပုဒ်မခွဲ “(က) ပါတီတစ်ခုသည် မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ၊ ဤဥပဒေအရ မှတ်ပုံတင် ထားခြင်းကို ပယ်ဖျက်ခံရလျှင်ဖြစ်စေ ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။ (ခ) ပုဒ်မခွဲ (က) အရ အပ်နှံသည့် ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော် အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်” ဆိုသော ပြဋ္ဌာန်းချက်အား “(က)ပါတီတစ်ခုသည် ပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၄)၊ (၅)၊ (၆) သို့မဟုတ် (၇)ပါ အချက် တစ်ရပ်ရပ်နှင့် ငြိစွန်း၍ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခံရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးထားသည့် အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။ (ခ)ပါတီ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ဤဥပဒေအရ မှတ်ယူခံရသော ပါတီ သို့မဟုတ် ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဆင့်ထက်မနိမ့်သူ တစ်ဦးဦးသည် ပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၄)၊ (၅)၊ (၆) သို့မဟုတ် (၇)ပါ အချက် တစ်ရပ်ရပ်နှင့်လည်း ငြိစွန်းမှုရှိကြောင်း စိစစ်တွေ့ရှိရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးထားသည့် အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။ (ဂ) ပုဒ်မခွဲ(က)နှင့် (ခ)တို့အရ အပ်နှံသည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာရမည်” ဟု အစားထိုးပြဋ္ဌာန်းထားသည်။

Most Read

Most Recent