အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး တက်ရောက်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး တက်ရောက်
Published 29 January 2024
Ref:AFP

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အကြီးတန်းမြန်မာတာဝန်ရှိသူတစ်ဦးသည် ဇန်နဝါရီ ၂၉ ရက်တွင် လာအိုနိုင်ငံ၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို တွေ့ဆုံခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပထမဆုံးကိုယ်စားလှယ်သည် အချိန်နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးအဆင့် အာဆီယံအစည်းအဝေးကို တက်ရောက်မှုဖြစ်သည်။

မြန်မာတပ်မတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲတွင် အာဆီယံအဖွဲ့က နစကခေါင်းဆောင်များကို အာဆီယံထိပ်သီးညီလာခံများနှင့် အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးပွဲများ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့ပြီး ထိုအစား နိုင်ငံရေးနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်များ စေလွှတ်ရန် ဖိတ်ကြားခဲ့သည်။

အာဆီယံအစည်းအဝေးတက်ရောက်ရန် လက်ရှိအချိန်ထိ နစကကငြင်းဆန်ထားသည်ဆိုသော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဒေါ်မာလာသန်းထိုက်သည် လာအိုနိုင်ငံ လူဝမ်ဘရာဘန်တွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်လျက်ရှိသည်။

တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူသည့် သုံးနှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ သုံးရက်အလိုတွင် ယင်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာသော ဒေါ်မာလာသန်းထိုက်သည် အာဆီယံအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခြင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခြင်းမရှိပေ။

အစောပိုင်းတွင် ၎င်းသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟစ်ဒါနူကာရာ၊ အရှေ့တီမောနိုင်ငံခြားရေးဝန်ကြီး ဘင်ဒီတိုဆန်းတို့စ်ဖရိုက်တက်စ်တို့နှင့် စကားပြောခဲ့သည်ကို တွေ့ရသည်။

၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအာဆီယံဥက္ကဋ္ဌဖြစ်လာသော လာအိုနိုင်ငံသည် ကာလရှည်ဖြစ်ပွားနေသော မြန်မာပြဿနာကို ကိုုင်တွယ်ဖြေရှင်းနိုင်ခြင်းရှိမရှိ အားလုံး၏စောင့်ကြည့်ခြင်းကို ခံနေရသည်။

မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏သံတမန်ရေး ကြိုပမ်းအားထုတ်မှုများသည် အကြိမ်ကြိမ် အတားအဆီးများနှင့်ကြုံတွေ့ခဲ့ရသည်။ အာဆီယံအဖွဲ့ကြီးက ချမှတ်ထားသော ဘုံသဘောတူညီချက်ငါးရပ်နှင့်ပတ်သက်၍ လည်းတိုးတက်မှုအနည်းငယ်သာရရှိထားသည်။

လွန်ခဲ့သောနှစ်၏ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲတွင် အဓိကအဖွဲ့အစည်းများနှင့် လုပ်ဆောင်ခဲ့သော အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ထုတ်ဖော်ချီးကျူးထားသည်။

သို့ရာတွင် လွန်ခဲ့သောနှစ်တွင် ထိုင်းအစိုးရအဖွဲ့ဟောင်းက နစကနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည့်ကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင် နိုင်ငံချင်း သဘောထားကွဲမှုများ မြင့်တက်လာခဲ့သည်။

ယခုလအစောပိုင်းတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဆီယံ၏ လာအိုအထူးကိုယ်စားလှယ် Alounkeo Kittikhoun ကို နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

Most Read

Most Recent