နယ်စပ်ရေးရာဝန်ကြီးနှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူညီချက်များအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေး

နယ်စပ်ရေးရာဝန်ကြီးနှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူညီချက်များအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေး
Published 26 January 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆောင်ရွက်ပေးနေမှုများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူညီချက်များအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့  နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent