ယူရိုဇုန် စီးပွားရေးဆုတ်ယုတ်နိုင်သလား

ယူရိုဇုန် စီးပွားရေးဆုတ်ယုတ်နိုင်သလား
Published 7 January 2024
ရွှေသင်( MPP)  

(၁)

၂၀၂၃ ကုန်ဆုံးပြီဖြစ်သည်။ ယူရိုဇုန်စီးပွားရေးအခြေအနေသည် ဒီဇင်ဘာလတွင် အံ့အားသင့်လောက်အောင် စီးပွားရေးကျဆင်းမှု နက်နက်ရှိုင်းရှိုင်းဖြစ်လာကြောင်း ယူဇိုဇုန်စီးပွားရေးနှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်လေ့လာနေသည့်  စစ်တမ်းတစ်ခုက ဖော်ပြထားသည်။ ကိန်းဂဏန်းအချက်အလက်များကလည်း စီးပွားရေး ဆုတ်ယုတ်မှုထဲသို့ရောက်လုနီးပါးဖြစ်လာနေသည်ဟု ညွှန်ပြနေသည်။ 

ယူရိုဇုန်နိုင်ငံများထဲတွင် ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံရှိ ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှုကဏ္ဍများ၌ ဖြစ်ပေါ်နေသည့် ကျဆင်းမှုအခြေအနေများသည်  ကျယ်ကျယ်ပြန့်ပြန်နှင့်ဆိုးဆိုးရွားရွားအခြေအနေဟု ဆိုသည်။ နောက်ဆုံးသုံးလပတ်တွင် ယူရိုဇုန်စီးပွားရေးသည် သုည ဒသမ ၁ ရာခိုင်နှုန်းကျုံ့သွားကြောင်း တရား ဝင် ထုတ်ပြန်သောကိန်းဂဏန်းအချက်အလက်များက ပြလျက်ရှိပြီး ဒီဇင်ဘာလအတွက် ဝယ်ယူရေးမန်နေဂျာအညွှန်းကိန်း (Purchasing Manager Index-PMI) သည်လည်း အခြေအနေမကောင်းပေ။  ယူရိုဇုန်အတွင်းရှိ စီးပွားရေးလုပ်ဆောင်မှုများအားလုံးသည် ယခုသုံးလပတ်ကာလအတွင်း လတိုင်းလိုလို၌ ကျဆင်းနေခဲ့ သည်ဟုဆိုသည်။ အခြေအနေသည် သုံးလပတ် ဆက်တိုက်နှစ်ခါ စီးပွားရေးကျဆင်းမှုဖြစ်နေသည်။ အခြေအနေသည်စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်၍ ပညာရှင် များ အဓိပ္ပာယ်ဖွင့်ဆိုထားသော အခြေအနေနှင့် နီးစပ်နေပြီဟု ထောက်ပြကြသည်။ အချို့က စီးပွားရေးကျဆင်းမှုသီအိုရီအရ စီးပွားရေးကျုံ့သည့်အခြေအနေဖြစ် လာနေသည်ဟု မှတ်ချက်ပြု ကြသည်။  

(၂)

ဒီဇင်ဘာလ ၁၄ ရက်တွင် ဥရောပဗဟိုဘဏ် (European Central Bank- ECB) သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွက် ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှုခန့်မှန်းချက်များကို လျှော့ချထုတ်ပြန်ခဲ့သည်။ ရတ်တာ လူထုသဘောထားစစ်တမ်းကောက်ယူမှု (Reuters Poll) တစ်ခု၌ ဝယ်ယူရေးမန်နေဂျာအညွှန်းကိန်းသည် ၄၈ ဒသမ ၀ သို့ အနည်းငယ်မြင့်တက်မည်ဟု မျှော်လင့်နေစဉ်မှာပင် စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ သုတေသနကော်ပိုရေးရှင်း S &P Global က စုစည်းထားသည့် ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်ကော်မာရှယ်ဘဏ် (Hamburg Commercial Bank- HCOB ) ၏  ပဏာမဝယ်ယူရေးမန်နေဂျာစုပေါင်းညွှန်းကိန်းမှာ နိုဝင်ဘာလအခြေအနေ ၄၇ ဒသမ ၆ မှ  ဒီဇင်ဘာလ၌ ၄၇ ဒသမ ၀ သို့ကျဆင်းသွားခဲ့သည်ဟုဖော်ပြထားသည်။ အညွှန်းကိန်း ၅ဝအောက်ကျကာ ခုနစ်လမြောက်ဖြစ်လာသည့် စီးပွားရေးကျုံ့မှုဖြစ်သည်။ ဒီဇင်ဘာလ၏ ကျဆင်းလာသော ယူရိုဇုန်ဝယ်ယူရေး မန်နေဂျာ စုပေါင်းညွှန်ကိန်းသည်ယူရိုဇုန်ဒေသ စီးပွားရေးဆုတ်ယုတ်မှု ဖြစ်နေကြောင်း သက်သေပြသကဲ့သို့ ဖြစ်သည်ဟု လန်ဒန်အခြေစိုက် သုတေသနနှင့် စီးပွားရေး အကြံပေးလုပ်ငန်း Capital Economics မှ အကြီးတန်း စီးပွားရေး ပညာရှင် Andrew Kenningham ကသုံးသပ်သည်။

(၃)

ယူရိုဇုန်၏အကြီးမားဆုံးစီးပွားရေးအဆောက်အအုံ ဂျာမနီနိုင်ငံသည် နှစ်ကုန်ပိုင်း၌  ပိုမိုဆိုးရွားသော စီးပွားရေးကျဆင်းမှုကြုံတွေ့နေရပြီး ဒုတိယအကြီး ဆုံးစီးပွားရေးအဆောက်အအုံ ဖြစ်သည့် ပြင်သစ်နိုင်ငံတွင်လည်း  ကုန်စည်နှင့် ဝန်ဆောင်မှုဝယ်လိုအား ပိုမိုဆိုးရွားလာနေသဖြင့်  စီးပွားရေးလှုပ်ရှားမှုများသည် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ကျဆင်းလျက်ရှိနေသည်ဟု သုံးသပ်နေကြသည်။ ဂျာမနီ၏စီးပွားရေးသည် ယခုနှစ်တွင်အနည်းငယ်ကျုံ့သွားကာ နိုင်ငံခြားမှ ဝယ်လိုအား အားနည်းနေသောကြောင့် နောက်ထပ်တိုးလာရန် အလားအလာမရှိနိုင်ပေ။ အစိမ်းရောင်ကဏ္ဍပြောင်းလဲမှုအတွက် အစိုးရထောက်ပံ့မှုများကို ဖြတ်တောက်၍ အတိုးနှုန်းမြင့်မားမှုသည်လည်း စီးပွားရေးလုပ်ဆောင်ချက်များကို ထိခိုက်စေသည်ဟု ဂျာမနီဗဟိုဘဏ် Bundesbank က  ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက သုံးသပ်ကောက်ချက်ချထားသည်။    

ဗြိတိန်စီးပွားရေးတွင်မူ ကြီးမားသောဝန်ဆောင်မှု  ကုမ္ပဏီများ၏အခြေအနေမှာ ယခုလ (ဒီဇင်ဘာ) ၌ တိုးတက်မှုအချို့ကိုတွေ့မြင်ခဲ့ရသည်ဟုဆိုသည်။ ထိုအခြေအနေအပေါ်သုံးသပ်၍ စီးပွားရေးကျဆင်းမှုကို ရှောင်ရှားနိုင်ရန်  ဗြိတိန်စီးပွားရေးတွင် လုံလောက်သောအရှိန်အဟုန်ရှိနေသည် ကောက်ချက်ချမှုများလည်း ရှိနေသည်။  

    (၄)

ယူရိုဇုန်ရှိ စီးပွားရေးလုပ်ငန်းများသည် သိသာသောတိုးတက်မှုမရရှိခဲ့ကြောင်းကို ၂၀၂၃ ခုနှစ် ဒုတိယလကတည်းက လုပ်ငန်းများ၏ ဝန်ထမ်းအင်အားများလျှော့ချမှု အခြေအနေများကဖော်ပြနေသည်။ အလုပ်အကိုင်ဆိုင်ရာ စုပေါင်းအညွှန်းကိန်း (Composite Employment Index) သည် သုံးနှစ်တာအတွင်း အနိမ့်ဆုံးအခြေအနေ ၄၉ ဒသမ ၆ ဖြစ်နေသည်။  ရတ်တာ၏ လူထုသဘောထားစစ်တမ်းတွင် ယူရိုဇုန်၏ အဓိကကျသည့် ဝန်ဆောင်မှု လုပ်ငန်းများဝယ်ယူရေး မန်နေဂျာညွှန်းကိန်းကို  ၄၉ ဒသမ ၀ မြင့်တက်မည်ဟု ခန့်မှန်းထားသည့်သော်လည်း မျှော်မှန်းထားသည့်အတိုင်းဖြစ်မလာခဲ့ဘဲ ၄၈ ဒသမ ၇ မှ ၄၈ ဒသမ ၁ သို့ကျဆင်းသွားခဲ့သည်ဟုဖော်ပြထားသည်။ ဂျာမနီကူးသန်းရောင်းဝယ်ရေးဘဏ် Commerzbank မှ Christoph Weil ကလည်း ယူရိုဇုန်စီးပွားရေးသည် ဥရောပဗဟိုဘဏ် မျှော်လင့်ထားသည့် အခြေအနေနှင့် ဆန့်ကျင်လျက် ၂၀၂၃ ၏  စတုတ္ထပတ် သုံးလပတ်တွင်လည်း ဆက်လက်ကျုံ့သွားလိမ့်မည် ဟုမှန်းဆထားသည်။     

ယူရိုဇုန်ထဲတွင်စားသုံးသူများမှာ ငွေချေးငှားမှုကုန်ကျစရိတ် မြင့်မားမှုခံစားနေရပြီး ဘဏ္ဍာရေးဆိုင်ရာခက်ခဲမှုများဖြစ်ပေါ်လျက်ရှိရာ ငွေကြေးသုံးစွဲမှုများ ကျဆင်းခဲ့ကြသည်။ အကျိုးဆက်အားဖြင့် ဝန်ဆောင်မှုဝယ်လိုအားသည် ထပ်မံကျဆင်းလာခဲ့သည်။ လုပ်ငန်းသစ်များ၏ အညွှန်းကိန်းသည်လည်း  ၄၆ ဒသမ ၇ မှ ၄၆ ဒသမ ၆ သို့ ကျဆင်းလျက်ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဥရောပဗဟိုဘဏ်သည် ချေးငှားစရိတ်များ စံချိန်တင်မြင့်မားနေသည်ကို အတည်ပြုပြီးနောက် ဘေးအန္တရာယ်ဖြစ်ပေါ်မှုကို သက်သာရာရစေရန် အတိုးနှုန်းနှင့်ပတ်သက်၍ ခေတ္တဆိုင်းငံ့ထားခဲ့သည်။ ပြင်သစ်ဗဟိုဘဏ် အကြီးအကဲ Francois Villeroy de Galhau ကလည်း ဥရောပဗဟိုဘဏ်၏ နောက်ထပ်လုပ်ဆောင်မှုမှာ အတိုးနှုန်းကို လျှော့ချမှုဖြစ်သင့်သည်ဟု ထောက်ပြပြောဆိုထားသည်။  

(၅)

ယူရိုဇုန်ထဲရှိ  စက်ရုံ၊ အလုပ်ရုံများက ၂၀၂၃နှစ်ကုန် ဒီဇင်ဘာလကို နောက်ထပ် စိတ်ပျက်ဖွယ်ကောင်းသော လတစ်လအဖြစ်မှတ်ချက်ပြုနေကြသည်။  

နိုဝင်ဘာလ၏ ထုတ်လုပ်ရေးကဏ္ဍ ဝယ်ယူရေးမန်နေဂျာအညွှန်းကိန်းသည် စစ်တမ်းခန့်မှန်းချက်ဖြစ်သည့် ၄၄ ဒသမ ၆ ကိုလွဲချော်ခဲ့ပြီး ၄၄ ဒသမ ၂ တွင်ငြိမ်သက် နေခဲ့သော်လည်း ကုန်ထွက်ကို တိုင်းတာသောအညွန်းကိန်းမှာမူ  ၄၄ ဒသမ ၆ မှ ၄၄ ဒသမ ၁ သို့ကျဆင်းလျက်ရှိနေသည်။  

စက်ရုံမန်နေဂျာများမှာမူ လာမည့် ၂၀၂၄ ခုနှစ်ထုတ်လုပ်မှုများနှင့်ပတ်သက်၍ အကောင်းရှုမြင်ချက်များ ပိုမိုရှိနေကြသည်။ အဘယ့်ကြောင့်ဆိုသော်   ထွက်ကုန်အညွှန်းကိန်းသည် မေလကတည်း က ၅၃ ဒသမ ၃ မှ ၅၆ ဒသမ ၆ သို့ ခုန်တက်လျက် အမြင့်ဆုံးအခြေအနေရှိနေခဲ့သောကြောင့်ဖြစ်သည်။ သုတေသီ အချို့ကမူ လွန်ခဲ့သည်လများကတည်း ယူရိုဇုန်စီးပွားရေးသည် အားနည်းသင့်သည်ထက် ပို၍အားနည်းနေသည်ဟု ယူဆထားသည်။ ထုတ်လုပ်မှုတုံ့ဆိုင်း 

(Stagnation) သည်ဟု ဆိုသူများရှိသကဲ့သို့ စတက်ဖလေးရှင်း (stagflation) ဟု ယူဆနေသူများလည်းရှိနေသည်။   

 

www.eurasiareivew.com 

 

Most Read

Most Recent