နာဂစ်၊ ဂီရိတို့ထက် အင်အားပိုပြင်းသော မိုခါမုန်တိုင်း တိုက်ခတ်ခဲ့သည့် ၂၀၂၃

နာဂစ်၊ ဂီရိတို့ထက် အင်အားပိုပြင်းသော မိုခါမုန်တိုင်း တိုက်ခတ်ခဲ့သည့် ၂၀၂၃
မေ ၁၄ ရက် နံနက်ပိုင်းက ထုတ်ပြန်သော မုန်တိုင်းလမ်းကြောင်းပြမြေပုံ၊ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်တွေမြို့တွင် အပျက်အစီးအချို့ကို တွေ့ရစဉ် (Photo:CJ)
မေ ၁၄ ရက် နံနက်ပိုင်းက ထုတ်ပြန်သော မုန်တိုင်းလမ်းကြောင်းပြမြေပုံ၊ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်တွေမြို့တွင် အပျက်အစီးအချို့ကို တွေ့ရစဉ် (Photo:CJ)
Published 2 January 2024

ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံအနေဖြင့် နာဂစ်နောက်ပိုင်းတွင် အပြင်းထန်ဆုံး မုန်တိုင်းဖြစ်သည့် မိုခါမုန်တိုင်းကို ၂၀၂၃ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသည်။

မုန်တိုင်းဒဏ်ကို မကြာခဏ ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်၏ မှတ်တမ်းများအရ တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အားအပြင်းဆုံးဟုဆိုရမည့် မိုခါမုန်တိုင်းကို မေ ၁၄ ရက်တွင် ကြုံတွေ့ခဲ့ရသည်။

မိုခါမုန်တိုင်းကို ရခိုင်၊ ပဲခူး၊ မကွေး၊ ချင်း၊  ဧရာဝတီအစရှိသည့် ဒေသများက ခံစားခဲ့ရပြီး အဆိုးရွားဆုံး ခံစားခဲ့ရသည့်ဒေသမှာ ရခိုင်ဒေသဖြစ်သည်။

မြန်မာနိုင်ငံတွင် ပျက်စီးမှုအများဆုံးနှင့် လေတိုက်နှုန်းအပြင်းထန်ဆုံးဟုဆိုရမည့် မုန်တိုင်းမှာ နာဂစ်မုန်တိုင်းဖြစ်သည်။

နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က မြစ်ဝကျွန်းပေါ်ဒေသ၏ ဆားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှာ အချိန်ကာလအတန်ကြာအထိ နာလန်ထူနိုင်ခြင်းမရှိခဲ့ပေ။ ရခိုင်ပြည်နယ်သည် မုန်တိုင်းနှင့်မစိမ်းသည့် ဒေသတစ်ခုဖြစ်သည်ဟု ဆိုသော်လည်း မိုခါမုန်တိုင်းက တစ်နာရီလျှင် မိုင် ၁၀၀ ကျော်ဖြင့် ဝင် ရောက်တိုက်ခတ်ခဲ့သည်။

နာဂစ်မုန်တိုင်းသည် မူလက ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းကို ဝင် ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် လမ်းကြောင်းပြောင်းကာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ အစရှိသည့် နိုင်ငံများမှာ မုန်တိုင်းသက်ရောက်မှုဒဏ်ကို ခံစားခဲ့ရပြီး မြန်မာနိုင်ငံသည် အဆိုးရွားဆုံး အခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း စတင်ဖြစ်ပေါ်စေမည့် လေဖိအားနည်းရပ်ဝန်းမှာ ၂၀၀၈ ခုနှစ် ဧပြီ ၂၇ ရက်တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး မေ ၁ ရက်မှ စတင်ကာ မုန်တိုင်းအဖြစ် အသွင်ပြောင်းခဲ့သည်။

မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေ ၂ ရက် တွင် စတင်ဝင်ရောက်လာခဲ့ပြီး ဧရာ ဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ် ပေါ်စေခဲ့ပြီး လူဦးရေသိန်းနှင့်ချီ သေဆုံး၍ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေ ရိကန်ဒေါ်လာ ၁၀ ဘီလျံ) ကျော်ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှု အများဆုံးမုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်ကို ၂၀၁၀ ပြည့်နှစ်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်းထက်လည်း မိုခါမုန်တိုင်းက ပြင်းထန်ခဲ့သည်။

ဂီရိမုန်တိုင်းသည် ကျောက်ဖြူမြိုနှင့် စစ်တွေမြို့တို့၏ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်သို့ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းမှ စတင်ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ဂီရိအပူပိုင်းဆိုင်က လုန်းမုန်တိုင်းကြီးသည် လေဖိအားနည်းရပ်ဝန်းအဖြစ် အောက်တိုဘာ ၁၉ ရက်တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး စတင်ဖြစ်ပေါ်ရာနေရာမှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းဖြစ်သည်။

အောက်တိုဘာ ၂၂ ရက်တွင် လိမ္မော်ရောင်အဆင့် သတ်မှတ်သည့် မုန်တိုင်းငယ်မှ အနီရောင်အဆင့်ရှိသည့် အားကောင်းသော မုန်တိုင်းအဖြစ်သို့ ပြောင်းလဲခဲ့သည်။

ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်ချိန်တွင် ဂီရိမုန်တိုင်း၏ လေတိုက်နှုန်းက တစ်နာရီလျှင် မိုင် ၁၀၀ ခန့်ရှိပြီး တစ်ခါတစ်ရံ မိုင် ၁၂၀ အထိ ရှိခဲ့သည်။ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီတွင် အားအလွန်ကောင်းလာသည့် ဆိုင်ကလုန်းမုန်တိုင်းဂီရိသည် ရခိုင်ကမ်းရိုးတန်းကို ကျောက်ဖြူမြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ နောင်တော်ကျွန်း၊ အဇင်ကြီးကျွန်းနှင့် ကျွန်းသာယာကျွန်းများအနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့သည်။

ဂီရိမုန်တိုင်းမှာ အောက်တိုဘာ ၂၃ ရက်တွင် ရခိုင်ရိုးမကိုဖြတ်ကျော်ပြီး မကွေးတိုင်းဒေသကြီးမှ မန္တလေး တိုင်းဒေသကြီးရှိ ညောင်ဦးမြို့အနီးတစ်ဝိုက်တွင် မွှေနှောက်တိုက်ခတ်ခဲ့သည်။ ထို့နောက် အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားပြီး ၂၃ ရက် ညနေတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြောင်မြို့နယ် (မုံရွာမြို့ အရှေ့ မြောက်ဘက်မိုင် ၃၀ ခန့်အကွာ)တွင် ရပ်၍မွှေနှောက်သည်။ ညနေ ၅ နာရီခွဲတွင် မုံရွာမြို့မြောက်ဘက် မိုင်၂၀ ကျော်ရှိ ဘုတလင်မြို့တွင် နောက်ဆုံးတိုက်ခတ်ခဲ့ပြီးမှ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲကာ အားပျော့ပျက်ပြယ်သွားခဲ့သည်။

ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် မြို့နယ်ခုနစ်မြို့နယ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့သည်။ မကွေးတိုင်းဒေသကြီးတွင် ခုနစ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လေးမြို့နယ် မုန်တိုင်းဒဏ်သင့်၍ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ ကျေးရွာပေါင်း ၇၁ ရွာ မုန်တိုင်းဒဏ်ခံခဲ့ရသည်။ အနည်းဆုံးလူဦးရေ ၂၆၀၀၀၀ မျှ မုန်တိုင်းဒဏ်ခံခဲ့ရပြီး လူပေါင်း ၁၀၀၀၀ ဆိုးရွားစွာ ခံစားခဲ့ရပြီး ၄၅ ဦး သေဆုံးခဲ့သည်။

မုန်တိုင်း၏ ဗဟိုချက်လမ်းကြောင်းတွင်ရှိသော မြေပုံမြို့တွင် ပျက်စီးမှုရာခိုင်နှုန်း ၉၀ ရှိသည်။ ကျောက်ဖြူမြို့တွင် ရာခိုင်နှုန်း ၇၀ ပျက်စီးသည်။ မင်းပြား၊ စစ်တွေ၊ အမ်း၊ ပေါက်တော၊ မာန်အောင်မြို့ နယ်များနှင့် ထို မြို့နယ်များရှိ ကျေးရွာများစွာ အထိနာခဲ့သည်။

မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများ

အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့များဖြစ်သည့် စစ်တွေ၊ ဘူးသီး တောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦးအစရှိသည့် မြို့များတွင် အစိုးရဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများ၊ ကျောင်းများ၊ လူနေအိမ်ခြေများ ပျက်စီးခဲ့သည်။

မေ ၁၈ ရက် မွန်းလွဲပိုင်းအထိ စာရင်းအရ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေအိမ် ၁၈၃၀၂၄ လုံးပျက်စီးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၄၅ ဦး ရှိလာသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မေ ၁၈ ရက် မွန်းလွဲပိုင်းအထိရရှိသော စာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုတွင် နေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အအုံ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးခု၊ စျေးတစ်ခု၊ လေဆိပ်နှစ်ခု၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၄၀ လုံး ပျက်စီးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် ဒေသခံပြည်သူ ခြောက်ဦး နှင့် IDP Camp မှ ၉၁ ဦး စုစုပေါင်း ၉၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ မေ ၁၇ ရက် မွန်းလွဲပိုင်းအထိ ရရှိသည့် စာရင်းများအရ သေဆုံးသူ ၄၈ ဦး ရှိကြောင်း ထုတ်ပြန်ထားရာ အဆိုပါ နှစ်ရက်ပေါင်း ရရှိသောစာရင်းများအရ သေဆုံးသူ စုစုပေါင်း ၁၄၅ ဦး အထိရှိလာခဲ့သည်။

ရခိုင်ပြည်နယ်တွင်မြို့နယ် ၁၇ မြို့နယ်မှ နေအိမ် ၁၈၂၅၉၈ လုံး၊ ရုံး ၃၀၀ လုံး၊ စာသင်ကျောင်း ၁၃၅၂ လုံး၊ ဆေးရုံ၊ ဆေးခန်း ၂၂၀ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၇၀၁ လုံး၊ အခြားပျက်စီးမှု ၁၀၁၄ ခု၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၆၅ ရွာမှ နေအိမ် ၃၁ လုံး၊ သာသနိကအဆောက်အအုံတစ်လုံး၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း ခုနစ်ကျောင်း၊ ဆက်သွယ်ရေး တာဝါတိုင် နှစ်တိုင်၊ ဓာတ်မီးတိုင် ၆၀ တိုင်၊ ထရန်စဖော်မာနှစ်လုံး၊ ဌာနဆိုင်ရာအဆောက်အအုံ ခြောက်လုံး၊ ဘောလုံးကွင်း နှစ်ကွင်း၊ အုတ်တံတိုင်း/ နံရံ ၃၄ ခု၊ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ နေအိမ်နှစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာမှ နေအိမ် ၁၃၁ လုံး၊ သာသနိက အဆောက်အအုံတစ်လုံး၊ဘုန်းတော်ကြီးကျောင်း ငါးကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ဆေးခန်းငါးခု၊ ဓာတ်မီးတိုင် ကိုးတိုင်၊ ဌာနဆိုင်ရာ အဆောက်အအုံသုံးလုံး၊ အခြား ပျက်စီးမှုလေးခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း မေ ၁၈ ရက် စာရင်းများ အရ သိရသည်။

မုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းတွင် ပါဝင်ခဲ့သည့် ချင်းပြည်နယ်တွင်လည်း ရပ်ကွက်/ကျေးရွာ ၂၄ ရွာမှ နေအိမ် ၁၂၉ လုံး၊ သာသနိကအဆောက်အအုံ တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဆေးရုံ/ဆေးခန်းနှစ်ခု၊ ဓာတ်မီးတိုင်လေးခု၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၀ ခု၊ ဘောလုံးကွင်းတစ်ကွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ နေအိမ်သုံးလုံး၊ ဆက်သွယ်ရေးတာဝါတိုင် ခြောက်တိုင်၊ ဓာတ်မီးတိုင် နှစ်တိုင်၊ ထရန် စဖော်မာတစ်လုံး၊ အုတ်တံတိုင်း/ နံရံ ၂၆ ခု၊ တံတားသုံးစင်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု မေ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇၂ ရွာမှ နေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေးတာဝါ တိုင် နှစ်တိုင်၊ ဓာတ်မီးတိုင် တစ်တိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၄ ရွာမှ နေအိမ်လေးလုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ  ၆၇ ခု၊ ရာသီသီးနှံ စိုက်ခင်း ၁၅၆ ခင်း၊ တံတားတစ်စင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတစ်ရွာမှ သာသနိက အဆောက်အအုံ လေးခု၊ မွန်ပြည် နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာ လေးရွာမှ နေအိမ်တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဓာတ်မီးတိုင် ၁၄ တိုင် ပျက်စီးဆုံးရှုံးခဲ့သည်ဟု မေ ၁၈ ရက်တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးမှု ပမာဏကို အတိအကျကောက်ယူရန် ခက်ခဲနေပြီး မျက်မြင်တွေ့ရှိ ချက်များအရ ပျက်စီးဆုံးရှုံးမှုများ ပြင်းထန်ကြောင်း UNDP Myanmar က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၏ လတ်တလော ဆက်သွယ်ရေးအခက်အခဲများနှင့် စိန်ခေါ်မှုများကြောင့် ပျက် စီးဆုံးရှုံးမှုပမာဏကို အတိအကျ ကောက်ယူရရှိရန် ခက်ခဲနေကြောင်း၊ သို့သော်လည်း ကျွန်ုပ်တို့ မြင်တွေ့ ကြားသိနေရသည့်အတိုင်း ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများပြား ပြင်းထန်သည်ကို တွေ့ရကြောင်း၊ နေအိမ်များ ပြိုလဲပျက်စီးခြင်း၊ တံတားများ ပြိုကျခြင်း နှင့် နေရာအနှံ့ရေကြီးရေလျှံခြင်းများစွာ ရှိနေသည်ဟု UNDP Myanmar က ထုတ်ပြန်ထားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နောက်ဆုံးထုတ်ပြန်ထားသည့် စာရင်းအရ မိုခါမုန်တိုင်းကြောင့် လူဦးရေ ၁၄၈ ဦး သေဆုံး ခဲ့ပြီး ကျပ် ၅၂၂ ဘီလျံဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့တွင် တိရစ္ဆာန် ၅၃၁၉၁၃ ကောင်သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်နှင့် မုန်တိုင်း၏ဆက်စပ်အရှိန်ကြောင့် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ကျွဲ ၄၂၀၉ ကောင်၊ နွား ၇၆၆၆ ကောင်၊ ဝက် ၂၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၅၁၇၀၀၅ ကောင် သေဆုံးခဲ့သည်။

အသေးစိတ် စာရင်းများအရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ ကျွဲ ၄၂၀၆ ကောင်၊ နွား ၇၅၉၃ ကောင်၊ ဝက် ၂၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၄၈၉၂၀၅ ကောင်၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကြက်ကောင်ရေ ၂၄၅၀၀၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက်မြို့နယ်မှ ကျွဲသုံးကောင်၊ နွား ၇၃ ကောင်နှင့် ဝက် ၁၂ ကောင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှစ်မြို့နယ်မှ ကြက်ကောင်ရေ ၃၃၀၀ တို့ ဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ မှတ်တမ်း

မေ ၇ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်လာ။

မေ ၉ ရက် ည  ၉ နာရီတွင် မုန်တိုင်းငယ် (Depression) အဖြစ်ရောက်ရှိပြီး မြောက်ဘက်သို့ဆက်လက်ရွေ့လျား။

မေ ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Strom) အဖြစ်သို့ ရောက်ရှိပြီး အားကောင်းလာကာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေသဖြင့် လိမ္မော်ရောင်အဖြစ် စတင် သတ်မှတ်။

မေ ၁၂ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိကာ ထိုမှတစ်ဆင့် မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ စတင်ရွေ့လျားလာ။

မေ ၁၂ ရက်ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Storm) မိုခါအဖြစ်သို့ ပြောင်းလဲလာ။

 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ကော့ဘဇားမြို့အကြားမှတစ်ဆင့် ဝင်ရောက်မည်ဟု ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordinaion SYSTEM-GDACS က မေ  ၁၁ ရက် မွန်းလွဲပိုင်းတွင် စတင်ထုတ်ပြန်။ အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီ တာ (တစ်နာရီ ၁၀၃ ဒသမ ၇ မိုင်) ရှိမည်ဟု ခန့်မှန်း။

မေ ၁၂ ရက်တွင် မိုခါမုန်တိုင်း၏အဆင့်မှာ Category 1 အဆင့်ရှိနေပြီး မေ ၁၄ ရက်တွင် Category  4 အဆင့်သို့ ရောက်ရှိလာကာ မုန်တိုင်း၏ တိုက်ခတ်နှုန်းမှာလည်း 222km/h  (တစ်နာရီမိုင် ၁၃၇ မိုင်)သို့ ရောက်ရှိလာမည်ဟု GDACS က ခန့်မှန်းခဲ့။

မေ ၁၂ ရက်တွင် စစ်တွေမြို့နှင့် ရေမိုင် ၄၉၅ မိုင်အကွာသို့ ရောက်ရှိလာ။

မေ ၁၃ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အန္တရာယ်ကို အနီရောင်အဆင့် သတ်မှတ်။  စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်အကွာကို ရောက်ရှိလာ။

■ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး စစ်တွေမြို့အနီးမှ မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်ကာ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျား၍ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက်ရွေ့လျား။

မေ ၁၄ ရက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း တိုက်ခတ်နေသည့် မုန်တိုင်း၏ ပြင်းအားမှာ CAT-5 အထိရှိလာပြီး လေတိုက်နှုန်း မိုင် ၁၆၀ အထိရှိလာ။

■မေ ၁၄ ရက် နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းသို့ စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အညိုရောင်အဆင့် သတ်မှတ်ခဲ့ရ။ မုန်တိုင်းမှာ မွန်းလွဲပိုင်းတွင် စစ်တွေမြို့အနီးသို့ ဝင်ရောက်ခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် မုန်တိုင်းဗဟိုချက် ရောက်ရှိလာ။ မုန်တိုင်း၏ အရွယ်အစားမှာ အချင်းမိုင် ၃၀၀ ခန့်ရှိ။

မေ ၁၅ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ ချင်း၊ မကွေး အစရှိသည့် ဒေသများတွင် မိုခါမုန်တိုင်းက ဆက်လက်တိုက်ခတ်။

မေ ၁၅ ရက် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ကုန်းတွင်းမုန်တိုင်းအဖြစ်ပြောင်းလဲပြီး အားလျော့ပျက်ပြယ်သွား။

■ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်တို့ကို သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၁၁) အရ ကြေညာ။

■မိုခါမုန်တိုင်းကြောင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ကျပ် ၅၂၂ ဘီလျံခန့် ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်။

Most Read

Most Recent