အခြေခံစားသောက်ကုန်စျေးနှုန်း သုံးဆခန့်မြင့်တက်လာမှုနှင့်အတူ ပြည်သူများနေ့စဉ် ရင်ဆိုင်နေရသည့် တရိပ်ရိပ်မြင့်တက်နေသော အထွေထွေစရိတ်စကများ၊ ပြည်ပရောက်မြန်မာများထံမှ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံမည့်အခြေအနေနှင့်၂၀၂၄ ခုနှစ် တွင် နာလန်ထူလာရန် အလားအလာ မမြင်သေးသည့် မြန်မာ့စီးပွားရေးအခြေအနေများကို ၂၀၂၃ ခုနှစ်အတွက် စီးပွားရေးကဏ္ဍတွင် ထင်ရှားသောဖြစ်စဉ်တစ် ခုအဖြစ် ဖော်ပြအပ်ပါသည်။
ကျပ်နှစ်သိန်းနားအထိ မြင့်တက်လာသည့် ရွှေဘိုပေါ်ဆန်းနှင့် တရိပ်ရိပ်မြင့်တက်နေသော အထွေထွေစရိတ်စကများ
ပြည်တွင်း၌သာ စားသုံးသည့် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ကျပ် ၉၆၀၀၀ သာရှိခဲ့သည်။ ၂၀၂၃ ခုနှစ် သြဂုတ်တွင် ကျပ် ၁၆၅၀၀၀ အထိ မြင့်တက်ကာ ဒီဇင်ဘာလအတွင်း၌မူ ကျပ် ၁၉၀၀၀၀ အထိ မြင့်လာခဲ့သည်။ ရွှေဘိုပေါ်ဆန်းဆန်အသစ်မှာ ၁၅၅ဝဝဝရှိလာသည်။ ဆန်သည် ဆန်ချောဆန်ကြမ်း အမျိုးအစားအားလုံး သုံးဆနီးပါး စျေးတက်ခဲ့ခြင်းဖြစ်သည်။
အခြားသော အထွေထွေကုန်ပစ္စည်းအုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စု၊ အစားအစာအုပ်စု၊ ကျန်းမာရေးအုပ်စု၊ အဝတ်အထည်အုပ်စု၊ ဆက်သွယ်ရေးအုပ်စုစသည်တို့၏ စျေးနှုန်းများ မြင့်တက်နေခြင်းဖြစ်သည်။
ပျမ်းမျှငွေကြေးဖောင်းပွမှုအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီမှ ဇွန်လအတွင်း ၁၈ ဒသမ ၄၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဧပြီမှ ဇွန်လအတွင်း ၂၈ ဒသမ ၅၉ ရာခိုင်နှုန်းအထိ မြင့်တက်ကာ တစ်နှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှု ၁၀ ရာခိုင်နှုန်း ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ တွင် နာလန်ပြန်မထူနိုင်သေးသည့် မြန်မာ့စီးပွားရေး
ပဋိပက္ခဖြစ်ပွားမှု အရှိန်ဆက် လက်မြင့်တက်လာခြင်းမရှိလျှင်ပင် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွား ရေးတိုးတက်မှု နှေးကွေးနေမည့်အပြင် အရှေ့အာရှဒေသတွင် ကမ္ဘာ့ကပ်ရောဂါမတိုင်မီကရှိခဲ့သည့် စီးပွား ရေးအခြေအနေသို့ ပြန်မရောက်နိုင်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၂ ရက် က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ပဋိပက္ခအခြေအနေများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု အတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှု အခြေအနေပေါင်းစုံ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအပေါ် အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ကာလတိုအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိသည်ဟု ခန့်မှန်းထားသည်။
“ပဋိပက္ခကြားမှ စိန်ခေါ်မှုများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၄ မတ်လအထိ တစ်နှစ်အတွင်း တစ်-ရာခိုင် နှုန်းသာရှိသည်ဟု ခန့်မှန်းသည်။ အောက်တိုဘာလကတည်းက မြန်မာနိုင်ငံတွင်း ပဋိပက္ခများဖြစ်ပွားမှု မြင့်တက်လာခဲ့ရာ လူဦးရေငါးသိန်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ကုန်သွယ်မှုလမ်းကြောင်းများကို ထိခိုက်စေကာ ကုန်စည် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခဲ့သည်။
ပဋိပက္ခဖြစ်ပွားမှု အရှိန်ဆက်လက်မြင့်မားလာခြင်းမရှိလျှင်ပင် ၂၀၂၄ ခု နှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေမည့်အပြင် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍများ၌ နှေးကွေးကြန့်ကြာမှုများ ဆက်လက်ကျယ်ပြန့်လာနိုင်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးပမာဏသည် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျလျက်ရှိသောကြောင့် အရှေ့အာရှဒေသတွင် ကမ္ဘာ့ကပ်ရောဂါမတိုင်မီက ရှိခဲ့သည့် စီးပွားရေးအခြေအနေသို့ ပြန်မရောက်နိုင်သည့်တစ်ခုတည်းသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်ဟု ဖော်ပြထားသည်။
“စီးပွားရေးအခြေအနေတွင် ဆိုးရွားလာနေပြီး အနာဂတ်အတွက် မသေချာမရေရာမှုတွေကလည်း ပိုပြီး ဆိုးလာပါတယ်။ စားသောက်ကုန်စျေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေအများစုကို အစား အစာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန်စျေးနှုန်းမြင့်တက်မှု ပိုမြန်တဲ့ ဒေသတွေမှာ နေထိုင်ရတဲ့အခြေခံလူတန်း စားများကိုပိုပြီးထိခိုက်စေပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုပြည်သူ့သမ္မတ နိုင်ငံတော်ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းညွှန်းကိန်းများသည် ၂၀၂၃ ခုနှစ် နှစ်လယ်ကတည်းက ဆိုးရွားလာခဲ့သည်။ စက် တင်ဘာလတွင် ၎င်းတို့လုပ်နိုင်စွမ်း ၏ ၅၆ ရာခိုင်နှုန်းခန့်သာ လည်ပတ်နိုင်ခဲ့သော စီးပွားရေးလုပ်ငန်းများက မတ်လမှစတင်၍ ၁၆ ရာခိုင်နှုန်းခန့် ပိုမိုကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ လက်လီအရောင်းသမားများအတွက် အရောင်းကျဆင်းလာခြင်းက အဓိကစိန်ခေါ်မှုဖြစ်သည်။
“ စီးပွားရေးလုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းကျဆင်းလာမှုနဲ့အတူ အနာဂတ်အတွက် မရေရာမှုတွေ ပိုများလာတာကြောင့် မြန်မာနိုင်ငံရဲ့အထည်ချုပ်စက်ရုံများဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ တိုးချဲ့နိုင်ဖို့အတွက် မဟုတ်ဘဲ ရပ်တည်ရှင်သန်ရေးကိုသာ ပိုပြီးအာရုံစိုက်နေကြရပါတယ်။ မကြာသေးခင်က ဖြစ်ပေါ် တိုးတက်ပြောင်းလဲလာမှုတွေကြောင့် အထည်ချုပ်လုပ်ငန်းတွေသာမက မြန်မာနိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအလား အလာအပေါ်အများကြီးအဟန့်အတားဖြစ်စေနိုင်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန်အဒ်ဝပ်က ပြောကြားခဲ့သည်။
ပြည်ပနေ မြန်မာနိုင်ငံသားများထံမှ နိုင်ငံခြားငွေဖြင့်ကောက်ခံတော့မည့် ဝင်ငွေခွန်
ပြည်ပနေ မြန်မာနိုင်ငံသားများ ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် နိုင်ငံခြားငွေအမျိုးအစားဖြင့် ဝင်ငွေခွန်ကောက်ခံမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းဖော်ပြထား သည်။
အဆိုပါပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် မူလဥပဒေပုဒ်မ ၂၂ ကို အစားထိုးပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၂၂ (က)၌ “ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ဝင်ငွေခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ (က)ပါ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေနိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်း ဝင်ငွေအပေါ်ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမည်ဖြစ်ကြောင်း” အစားထိုးပြင်ဆင်ခဲ့သည်။
ထို့အတူ ပုဒ်မ ၂၂ (ခ) ၌“ဝင်ငွေခွန် နည်းဥပဒေများတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ ပြည်ပနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပ တွင်ရရှိသည့် စုစုပေါင်း လစာဝင်ငွေအပေါ် အောက်ပါနည်းလမ်းနှစ်ရပ်အနက် နည်းရာကျသင့်အခွန်ကိုရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်ဖြစ်ကြောင်း” အစားထိုး ပြင်ဆင်ခဲ့သည်။
အဆိုပါ နည်းလမ်းနှစ်ရပ်အနက် နည်းလမ်း(၁)မှာ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီး ဤဥပဒေ၏ ပုဒ်မ ၁၉ ပုဒ်မခွဲ(ဂ)ပါ အခွန်နှုန်းထားဖြင့် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီ တွက်ချက်၍ စည်းကြပ်ခြင်း၊ နည်းလမ်း (၂) မှာ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ နှစ်ရာခိုင်နှုန်းဖြင့် တွက်ချက်၍ စည်းကြပ်ခြင်းတို့ဖြစ်သည်။
ဤပုဒ်မအရ တွက်ချက်ရရှိသည့်အခွန်မှ တွက်ချက်သည့် ဝင်ငွေအမျိုးအစားအလိုက် ပြည်ပတွင် ပေးဆောင်ခဲ့ရသည့်အခွန်ကို ခုနှိမ်ပေးရမည်ဖြစ်ကြောင်း ယခုပြင်ဆင်သည့် ဥပဒေတွင်ပါရှိသည်။
ဝင်ငွေခွန်ဥပဒေပုဒ်မ ၈ ပုဒ်မ ခွဲ (က)ပါ ဝင်ငွေခေါင်းစဉ်များမှာ လစာ၊ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေ၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ၊ အခြားရလမ်းများမှ ဝင်ငွေဟု ပြဋ္ဌာန်းထားသဖြင့် ပြည်ပနေ မြန်မာနိုင်ငံသားများသည် လစာငွေမှအပ ကျန်ဝင်ငွေခေါင်းစဉ်များဖြင့် ရရှိသည့်ဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
လစာဝင်ငွေဖြင့်ရရှိသည့် ပြည်ပနေ မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ဝင်ငွေအား ယခုပြင်ဆင် သည့်ဥပဒေတွင်ပါရှိသည့် နည်းလမ်းနှစ်ရပ်ဖြင့် ပေးဆောင်ရမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၃၁ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၄) ကိုပယ် ဖျက်ရမည်ဖြစ်ကြောင်း ယင်းပြင်ဆင်သည့် ဥပဒေတွင် ဖော်ပြပါရှိသည်။
ထိုသို့ပယ်ဖျက်ခဲ့သည့် ပုဒ်မ ၃၁ ပုဒ်မခွဲ (က)ပုဒ်မခွဲငယ်(၄)မှာ မူလဥပဒေတွင် ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေကို ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်ပြီး ယခုအခါ ဝင်ငွေခွန်ကောက်ခံမည်ဖြစ်သဖြင့် အဆိုပါပုဒ်မကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမည်ဖြစ်သည်။
ဝင်ငွေခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါက ဝင် ငွေခွန်ဆောင်ထားကြောင်း ထောက်ခံစာထုတ်ပေးခြင်းများ ပြုလုပ်ပေးနိုင်မည်ဖြစ်ကြောင်း မြန်မာသံရုံးအချို့က ဒီဇင်ဘာလ ပထမပတ်အတွင်းက ထုတ်ပြန်သည်။
ကိုရီးယားနိုင်ငံ၌ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအနက် Passport Type (PJ) နှင့် (PB)ကိုင်ဆောင်ထားသူများအနေဖြင့် ဒီဇင်ဘာ ၁၁ ရက်မှစတင်ကာ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးရန် မြန်မာသံရုံးသို့ လာရောက်ရာတွင် မိမိထမ်းဆောင်လိုသည့် ကာလများအတွက် ဝင်ငွေခွန်များကို တစ်ပါတည်းထမ်းဆောင်နိုင်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
ထို့ပြင် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးကလည်း ဒီဇင်ဘာ ၁၂ ရက်မှစ၍ ဝင်ငွေခွန်ဆောင်ရမည်ဖြစ်ကြောင်း၊ ဝင်ငွေခွန်ဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းထမ်းဆောင်ရန် ထိုင်းနိုင်ငံမြန်မာသံရုံး(ဘန်ကောက်)က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။