ဟက်ပီးနယူးရီးယား

ဟက်ပီးနယူးရီးယား
Published 31 December 2023
မိုးသောက်ထွန်း

" Time and tide wait for no man " တဲ့။ အချိန်တွေ ဆိုတာ အကုန် မြန်ပါတယ်။ ကုန်သွားတဲ့ အချိန်တွေကို မိမိရရ အသုံးချပြီး ဆုပ်ကိုင်ထားနိုင်ဖို့ အရေးကြီးပါတယ်။" ကိုယ်မြင်နေတဲ့ လောကကြီးဟာ ကိုယ့်စိတ်ရဲ့ ရောင်ပြန်ဟပ်မှုတွေပဲ " လို့ ဆရာတော်ဦးဇောတိက မိန့်ကြားဖူးပါတယ်။

အချိန်ဆိုတာ ရပ်တန့်နေတဲ့ အရာမဟုတ်။ ရွေ့လျားကုန်ဆုံး နေတာမို့ နှစ်တစ်နှစ်ဆိုတာ ဒီဇင်ဘာလကို ဖြတ်ကျော်ပြီးရင် နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုစမြဲ။ နှစ်တစ်နှစ် ဆန်းသစ်တိုင်း ကျွန်တော်တို့ရဲ့ အတွေးတွေ ၊ စိတ်ကူးတွေ လန်းဆန်းသစ်လွင်နေဖို့ လိုပါတယ်။ နှစ်ဟောင်းက အဆင်မပြေမှုတွေကို ခဝါချပစ်နိုင်ဖို့ နှစ်သစ်အတွက် အားမာန်တွေ အပြည့်ရှိရပါမယ်။

နှစ်သစ်တစ်နှစ် အစပြုတိုင်း happy new year ဆိုပြီး ကျွန်တော်တို့ ကြွေးကြော်ကြတယ်။ တောင်းဆုပြုကြတယ်။ နေရာဒေသ အမျိုးမျိုးမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နှစ်သစ်ကို ကြိုဆိုကြတယ်။ ကွင်းပြင်ကြီးတွေမှာ စတိတ်ရှိုးစင်မြင့်တွေနဲ့ တခမ်းတနား ပွဲကျင်းပကြတယ်။ တချို့ကလည်း ခင်မင်ရာ သူငယ်ချင်းတွေစုပြီး ချက်ပြုတ်စားသောက်ကြ ၊ ပျော်ရွှင်ကြတယ်။ ဒီဇင်ဘာ (၃၁)ရက်ရဲ့ ညသန်းခေါင်ကို ကျော်လွန်ဖြတ်သန်း လိုက်တာနဲ့ happy new year လို့ သံပြိုင်ဟစ်ကြွေးကြတယ်။

ကျွန်တော် လူပျိုပေါက်အရွယ်က happy new year ကြိုဆိုပွဲလေးကို ပြန်ပြီးအမှတ်ရမိတယ်။ နေရာက ကျွန်တော့်ရဲ့ ဇာတိရွာလေးမှာ။ အဲ့အချိန်က ကျွန်တော်တို့လို ရွာလေးတွေမှာ မြို့ကြီးပြကြီးတွေမှာလို happy new year လုပ်လေ့မရှိကြဘူး။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုကသာ စာအုပ်တွေ ၊ ရုပ်ရှင်တွေမှာ ဖတ်ဖူး မြင်ဖူးတာကို အတုယူပြီး happy new year လုပ်ခဲ့ကြတာ။

ကျွန်တော်တို့ သူငယ်ချင်းအဖွဲ့က ဆယ်ယောက်လောက်ရှိတယ်။ ကျွန်တော်တို့နဲ့ ခင်နေတဲ့ အစ်ကိုကြီးတစ်ယောက်အိမ်ကို စုရပ်အဖြစ် သတ်မှတ်ကြတယ်။ ရုပ်ရှင်တွေထဲကလို မီးပုံတွေ ၊ အကင်တွေနဲ့ ပွဲကျင်းပဖို့ သူငယ်ချင်းတွေ ပိုက်ဆံစုပြီး ကင်စားစရာ အကောင်လိုက်ဝယ်ကြတယ်။ မှတ်မှတ်မိမိပါပဲ။ ဘဲမွေးတဲ့ ဦးလေးကြီးတစ်ယောက် ရောင်းပေးလိုက်တဲ့ နံရိုးပြိုင်းပြိုင်းနဲ့ ဘဲသုံးကောင် ဝယ်လို့ရခဲ့တယ်။

အဲဒီနှစ်ရဲ့ ဒီဇင်ဘာ(၃၁)ရက် ညမှာတော့ အသိအစ်ကိုကြီးရဲ့ အိမ်ရှေ့မြေကွက်လပ်မှာ မီးပုံကြီး ဖိုလိုက်ကြတယ်။ ပြီးတော့ အမွှေးနှုတ် ဆေးကြောထားတဲ့ ဘဲပိန်သုံးကောင်ကို တံစို့ထိုးပြီး အကောင်လိုက်ကင်ကြတယ်။ မြို့ကြီးသားတွေကို အတုယူပြီး လုပ်ခဲ့ကြတာဆိုပေမယ့် ကျွန်တော်တို့ happy new year ပွဲမှာ ယမကာတော့ မပါခဲ့ဘူး။ အဲဒီအချိန်က တောရပ်တောရွာမှာ ကျွန်တော်တို့လို လူပျိုပေါက်အရွယ်လေးတွေ ယမကာမှီဝဲတယ်ဆိုတာ အတော်ရှားသေးတယ်လေ။

ဘဲကင်ကျက်တဲ့အခါ မြေကြီးပေါ်မှာ ဖြန့်ခင်းထားတဲ့ ငှက်ပျောရွက်ပေါ်မှာ တင်ထားလိုက်ကြတယ်။ ဘဲကင်ကို ဝိုင်းပြီး နောက်ကျောခိုင်း ထိုင်လိုက်ကြတယ်။ အိမ်ရှင်အစ်ကိုကြီးက ဘဲကင်ကို ဓားလေးတစ်လက်နဲ့ လှီးဖြတ်ပြီး "ဒါ ဘယ်သူ့ဟာလဲ"လို့ မေးရင် ကျွန်တော်တို့အထဲက တစ်ယောက်ယောက်က လက်ညှိုးထောင်ရတယ်။ အဲဒီ လက်ညှိုးထောင်တဲ့သူက အစ်ကိုကြီးလှီးထားတဲ့ ဘဲကင်ကို စားရတယ်။ အသည်းတို့ ပေါင်သားတို့ ရတဲ့သူတွေက "ဟေး"ဆိုပြီး ထ ကကြတယ်။ ကံဆိုးသူကတော့ အရိုးတွေနဲ့ ညားကြလေသတည်းပေါ့။

  ပထမ ဘဲကင်တစ်ကောင် ကုန်သွားလို့ ဒုတိယဘဲကင်တစ်ကောင် ဝေငှတဲ့အခါမှာ ကျွန်တော်တို့တစ်သက် အမြဲအမှတ်ရမိနေစေတဲ့ အဖြစ်အပျက်လေး ဖြစ်တော့တာပါပဲ။ ဘာဖြစ်တာလဲဆိုတော့ လှီးထုတ်လိုက်တဲ့ ဘဲကင်ရဲ့ အသားထဲမှာ သွေးစိမ်းတွေ ပါလာတာပါပဲ။ ဘဲကို ဘယ်လိုကင်ရမယ်ဆိုတာ ဘယ်သူမှ သေချာမသိဘဲ ရမ်းပြီး ကင်ခဲ့ကြတာလေ။ သွေးစတွေပါနေတဲ့ မကျက်တကျက် ဘဲကင်ကို လွှင့်မပစ်ဘဲ တပျော်တပါး ရယ်မောရင်း ကျွန်တော်တို့ စားခဲ့ကြတယ်။ အခုအချိန်မှာတော့ ရုပ်မြင်သံကြားမှာ happy new year ပွဲတွေ ထုတ်လွှင့်တာမြင်တိုင်း ၊ လူငယ်လေးတွေ ဒီဇင်ဘာညမှာ happy new year လို့ သံပြိုင် ဟစ်အော်တာကြားတိုင်း ငယ်ဘဝအတိတ်က အတွေးထဲကို အမြဲရောက်ရောက် လာတတ်တယ်။

အခုဆိုရင် ၂၀၂၃ ဆိုတဲ့ နှစ်တစ်နှစ် ကုန်ဆုံးခါနီးပြီး ၂၀၂၄ ဆိုတဲ့ နှစ်သစ်တစ်ခုဆီ ချဉ်းနင်းဝင်ရောက်ဖို့ တာစူနေပြီ။ ၂၀၂၄ဟာ ကျွန်တော်တို့အတွက် ဘယ်လိုထူးခြားမှုတွေကို သယ်ဆောင်လာလေမလဲ။ တချို့သော သူတွေကတော့ နှစ်တစ်နှစ်ကို ကူးပြောင်းတာ ဘာဆန်းလို့လဲဆိုပြီး ပြောကြတယ်။ ဟုတ်ပါတယ်၊ ဘာမှမဆန်းပါဘူး။ နှစ်တစ်နှစ် ကူးပြောင်းလိုက်တာဟာ ပြက္ခဒိန်ပေါ်က အပြောင်းအရွေ့တစ်ခုအဖြစ်နဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ သို့ပေမဲ့ လူဆိုတာက ခံစားတတ်တဲ့ နှလုံးသားနဲ့ ရှင်သန်ကြတာဆိုတော့လည်း တချို့သော မျှော်လင့်ခြင်းတွေကို ဟက်ပီးနယူးရီးယားနဲ့အတူ မျှော်လင့်ရင်ခုန်တတ်ကြတာပေါ့လေ။

ပြည့်စုံချမ်းသာသူတွေဆိုရင်တော့ ပင်လယ်ကမ်းစပ် အပန်းဖြေစခန်းမှာဖြစ်စေ၊ ကမ္ဘာ့အမြင့်ဆုံး မျှော်စင်ပေါ်ကဖြစ်စေ၊ ဂရင်းနစ်မျဉ်း ဖြတ်သွားတဲ့ ကျွန်းကလေးပေါ်ကဖြစ်စေ၊ ဇိမ်ခံ ပင်လယ်ကူးသင်္ဘောပေါ်မှာဖြစ်စေ ဒီဇင်ဘာ ၃ရက်ည သန်းခေါင်ယံမှာ ဟက်ပီးနယူးရီးယားလို့ သံကုန်ဟစ်ပြီး နှစ်ကူးချင်ကူးကြလိမ့်မယ်။ မပြည့်စုံ ကျပ်တည်းသူတွေ ကျပြန်တော့လည်း နှစ်တစ်နှစ် ကူးပြောင်းသွားတာမို့ သူ့ဘဝ ကံကြမ္မာအသစ်တွေနဲ့ ပြောင်းလဲသွားမလား မျှော်လင့်ကြတယ်။ အနည်းဆုံး ကုန်စျေးနှုန်းလေးဖြစ်ဖြစ် လျော့ပါးသွားမလား မျှော်လင့်မိတတ်ကြတယ်လေ။

နှစ်တစ်နှစ်ဆိုတာ ကမ္ဘာက နေကို တစ်ပတ်ပတ်မိတဲ့ ကာလ။ သာမန်အားဖြင့်တော့ (၃၆၅)ရက်ကို တစ်ပတ်ဆိုပြီး သတ်မှတ်ကြတယ်။ အမှန်တကယ် နေကိုတစ်ပတ်ပတ်မိဖို့ ၃၆၅ရက်၊ ၅နာရီ၊ ၄၈မိနစ်၊ ၄၆စက္ကန့်တိတိကြာတယ်။ ရက်ပေါင်းလေးရာနီးပါး မောမောပန်းပန်းနဲ့ တစ်ပတ်လည်သွားတဲ့ ကမ္ဘာကြီးနဲ့အတူ ယုံကြည်ရာတွေ၊ မျှော်လင့်ခြင်းတွေ တစ်ပတ်လည် ကောင်းမွန်လာလေမလား၊ လိုအင်ဆန္ဒတွေ ပြည့်ဝလာလေမလားလို့ မျှော်လင့်ကြတာကို အပြစ်မဆိုသာပါဘူးလေ။

မကြာတော့တဲ့ အချိန်မှာ နှစ်သစ်ကူးပေတော့မယ်။ နှစ်သစ်ကူးတဲ့ အချိန်မှာ ပျော်ရွှင်မြူးထူးပြီး အော်ဟစ်ပြောဆိုကြတဲ့အသံတွေ၊ ရှန်ပိန်ပုလင်း ဖော့ဆို့ဖွင့်သံတွေ၊ ဖန်ခွက်ချင်း ထိခတ်သံတွေ၊ မော်တော်ကား ဟွန်းသံတွေ၊ တေးဂီတသံတွေ၊ ခေါင်းလောင်းထိုးသံတွေနဲ့ မြိုင်ဆိုင်နေနိုင်သလို အဲဒီအသံတွေကြားမှာ စိုးရိမ်စိတ်နဲ့ ရင်တမမဖြစ်ခဲ့ရာက ဘာပြဿနာမှ ထူးထူးခြား မပေါ်ပေါက်လို့ စိတ်သက်သာရာရပြီး ဟင်းခနဲ သက်ပြင်းချလိုက်သံတွေလည်း ထွေးရောယှက်တင် ကြားရနိုင်ပါတယ်။ ဘယ်လိုပင်ဆိုစေကာမူ ၂၀၂၃ကိုတော့ မလွဲမသွေ နှုတ်ဆက်ရပါလိမ့်မယ်။ ပြီးတော့ ရောက်ရှိလာမယ့် ၂၀၂၄ကိုလည်း မဖြစ်မနေ ကြိုဆိုကြရပါလိမ့်ဦးမယ်။ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ ပြုံးပြုံးလေး နှုတ်ခွန်းဆက်ရမှာကတော့ ......

"ဟက်ပီးနယူးရီးယား"

                       

 

Most Read

Most Recent