နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲစေရန် ပြည်ပနိုင်ငံအချို့၏ ထောက်ပံ့မှုများနှင့် ပြည်ပြေးနိုင်ငံရေးသမားများက ငြိမ်းချမ်းရေးမလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့်ပူးပေါင်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိဟု နစကဥက္ကဋ္ဌ ပြောကြား

နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲစေရန် ပြည်ပနိုင်ငံအချို့၏ ထောက်ပံ့မှုများနှင့် ပြည်ပြေးနိုင်ငံရေးသမားများက ငြိမ်းချမ်းရေးမလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့်ပူးပေါင်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိဟု နစကဥက္ကဋ္ဌ ပြောကြား
Published 19 December 2023

နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရေး  ပြည်ပနိုင်ငံအချို့ှု၏ထောက်ပံ့မှုများနှင့် ပြည်ပြေးနိုင်ငံရေးသမားများက ငြိမ်းချမ်းရေး မလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည့် တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက ယနေ့မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရေးအတွက် ပြည်ပနိုင်ငံအချို့၏ထောက်ပံ့မှုများနှင့် အစွန်းရောက် ပြည်ပြေးနိုင်ငံရေးသမားများက ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ပူးပေါင်းပြီး အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်သည့်နေရာတွင် ဆင်ခြင်တုံတရားမဲ့စွာ စစ်ဘက်နှင့် မသက်ဆိုင်သည့် ကျန်းမာရေးကဏ္ဍကိုလည်း ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် CRPH၊ NUG နှင့် PDF များက ကျန်းမာရေးစောင့်ရှောက်မှုယန္တရားလည်ပတ်မှု ရပ်တန့်သွား‌စေရေးအတွက် ဆရာဝန်၊ သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများကို CDM ပြုလုပ်လာအောင် ဖိအားပေးလုပ်ဆောင်ခဲ့သည့် အခြေအနေများကိုလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။

ထို့အတူ အချို့သောကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုက်နာကျင့်ကြံရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့ကြသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟာမှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့ တပ်မတော်သား ပါရဂူ၊ ဆရာဝန်နှင့် သူနာပြုများက ဝင်ရောက်တာဝန်ထမ်းဆောင်ပေးခဲ့ရကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် အကြမ်းဖက်သမားများသည် မိဘပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် မိသားစုဘဝလုံခြုံရေးအတွက် အလွန်အန္တရာယ်ကြီးမားသည့် လုပ်ရပ်များဖြစ်သော ဆေးရုံ၊ ဆေးပေးခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများကိုအကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြသည့်အပြင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ ဖိအားပေးအနိုင်ကျင့်ခြင်းများ၊ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်းလုပ်ရပ်များသည် အစွန်းရောက်လုပ်ရပ်များဖြစ်သည့်အတွက် မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံနိုင်သကဲ့သို့ မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း လက်မခံနိုင်သည့် လုပ်ရပ်များဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအပေါ် ဦးတည်ချက်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ လူသားအရင်းအမြစ်စွမ်းအား ပြိုလဲအောင် တိုက်ခိုက်ခြင်းဖြစ်သကဲ့သို့ အပြစ်မဲ့ပြည်သူလူထုကို ဦးတည်ပြီး သစ္စာမဲ့စွာ အကြမ်းဖက်တိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ ကျန်းမာရေးဝန်ထမ်းများအပေါ် ပြုလုပ်ခဲ့သည့် ဆိုးရွားသည့်ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူသိရှိနားလည်ပြီး လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်သည့်အခါ တပ်မတော်သားဆရာဝန် စစ်သည်တော် ကောင်းများပီပီ မိမိတတ်ကျွမ်းသည့် ဆေးပညာဖြင့်သာမက လုံခြုံရေးသတိ၊ နိုင်ငံရေးအသိမှန်များဖြင့် မိဘပြည်သူများကို ကာကွယ်စောင့်ရှောက်သွားကြရန် မှာကြားလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အခမ်းအနားတွင် ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးပြီးဗိုလ် လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြကြောင်း သိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအောင်ကျော်မင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း စောပြည့်အောင်နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းနိုင်ရဲလှတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားကာ ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြု ခြင်းကို ခံယူခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ နစကဥက္ကဋ္ဌနှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြာင်း သိရသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent