JICA နှင့် စီမံကိန်း သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အခမ်းအနား ပြုလုပ်

JICA နှင့် စီမံကိန်း သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အခမ်းအနား ပြုလုပ်
Published 18 December 2023

ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့သည့်  ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး တံတားဆက်ခြင်းအထိမ်းအမှတ် ရွှေမူလီကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလွင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း၊ ၄ လမ်းသွား တံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင်ကယ်လမ်း ၅ ပေစီပါရှိပြီး သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)၏ တံတားခံနိုင်ဝန်သည် ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ ယခုအချိန်အစီမံကိန်းလုပ်ငန်း အားလုံး၏ ၉၄ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် တံတားအပေါ် ကတ္တရာကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ Toll Plaza တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် ကျန်ရှိကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီးသွားပါက သံလျင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး နစကမှ ထုတ်ပြန်ထားသည်။

ထို့အတူ သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

အလားတူ သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ် သောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အကျိုးပြုမည်ဖြစ်ပြီး ဒေသတွင်း နိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent