မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းများကို တရုတ်နိုင်ငံက ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောကြား

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းများကို တရုတ်နိုင်ငံက ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောကြား
Published 16 December 2023

မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းများကို တရုတ်နိုင်ငံက ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ က ပြောကြားသည်။

 ဒီဇင်ဘာ ၁၅ ရက်တွင် ပေကျင်းမြို့၌ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သံတမန်များနှင့်တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပြောကြားချက်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံပွဲတွင် မစ္စတာဝမ်ယိက  မကြာသေးမီက တရုတ်နိုင်ငံ၏ တက်တက်ကြွကြွ ကြားဝင်စေ့စပ်မှုနှင့် အဆက်မပြတ်တွန်းအားပေးမှုဖြင့် မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးသည် ကူမင်းမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ဆောင်ခဲ့ကာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခ တင်းမာမှုလျော့ကျလာခြင်းသည် မြန်မာနိုင်ငံဘက်အသီးသီး၏ အကျိုးစီးပွားနှင့်ကိုက်ညီသည့်အပြင် တရုတ်နိုင်ငံနှင့် အာဆီယံစသည့် ဒေသတွင်းနိုင်ငံအသီးသီး၏ ဘုံအကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးက သဘောတူညီချက်များကို လက်တွေ့ကျကျ ဖော်ဆောင်ကာ အတတ်နိုင်ဆုံးထိန်းသိမ်းစွာလုပ်ဆောင်၍ လက်ရှိအခြေအနေတင်းမာမှုလျော့ကျစေရေးအတွက် လုပ်ဆောင်ရန်မျှော်လင့်ကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်းအရေးကိစ္စ၊ မြန်မာနိုင်ငံအရေးကိစ္စတို့သည် မူရင်းသဘောအရ မြန်မာနိုင်ငံပြည်တွင်းရေးပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စဖြေရှင်းမှုအတွက် အဖြေသည် မြန်မာနိုင်ငံပြည်သူလက်ထဲတွင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံက မြန်မာနိုင်ငံအရေးကိစ္စတွင် ပါဝင်သင့်သည့် အခန်းကဏ္ဍမှပါဝင်ခြင်းအား ထောက်ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအရေးကိစ္စ ကောင်းမွန်စွာဖြေရှင်းရေးအား တွန်းအားပေးသွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်။

ထို့အတူ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် တစ်နေ့တခြား ရင်းနှီးလာပြီး တစ်ကမ္ဘာလုံးရှေ့ပြေးတွင်ရှိနေကြောင်း၊  တရုတ်-အာဆီယံက "Belt and Road" အတူတကွတည်ဆောက်မှုသည် အရေးပါကြီးမားသောရလဒ်များရရှိခဲ့ပြီး ခေတ်၏ရှေ့ပြေးတွင်ရှိနေကြောင်း၊ တရုတ်နှင့်အာဆီယံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော အယူအဆကို တက်တက်ကြွကြွ အကောင်အထည်ဖော်ဆောင်ခြင်းကြောင့် ဒေသ၏ရှေ့ပြေးတွင်ရှိနေကြောင်း၊ လွန်ခဲ့သည့်နှစ်ရက်က တရုတ် သမ္မတ ရှီကျင်ပင်းသည် ဗီယက်နမ်နိုင်ငံသို့ သမိုင်းဝင်တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံခေါင်းဆောင်များနှင့် မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်ရှိသည့် တရုတ်-ဗီယက်နမ် အေးအတူပူအမျှအသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ အရေးပါသဘောတူညီချက်များ ရရှိခဲ့ကာ ယင်းသည် တရုတ်-အာဆီယံ အေးအတူပူအျှအသိုက်အဝန်းတည်ဆောက်ရေးအတွက် အရေးပါအနက်အဓိပ္ပာယ်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံအများစုနှင့်အတူ အေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်ရေးအတွက် သဘောတူညီချက်များ အသီးသီးရရှိပြီးဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုသည်လည်း အဆက်မပြတ်နက်ရှိုင်းခိုင်မာလာကြောင်း၊ "ငြိမ်းချမ်းသောအသိုက်အမြုံ၊ ဘေးကင်းလုံခြုံသော အသိုက်အမြုံ၊ စည်ပင်ဝပြောသော အသိုက်အမြုံ၊ သာယာလှပသော အသိုက်အမြုံ၊ ချစ်ကြည်ရင်းနှီးသော အသိုက်အမြုံဟူသည့် အသိုက်အမြုံကြီးငါးခု" တည်ဆောက်ရေးကိုလည်း အဆက်မပြတ်ဖော်ဆောင်လာသောကြောင့် ပိုမိုရင်းနှီးသည့် တရုတ်-အာဆီယံအေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် ပြည့်ဝစွာ လက်တွေ့အကောင်အထည်ဖော်ဆောင်မှုများ ထောက်ပံ့ပေးလိုက်ကြောင်း၊ အာဆီယံနိုင်ငံများ၏ အကြီးမားဆုံး အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကိုင်စွဲကာ အာဆီယံနိုင်ငံများ၏ ယုံကြည်အားကိုးရသော ရေရှည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာရှတိုက်ခေတ်မီမှုဖြစ်စဉ်ကို အတူတကွဖော်ဆောင်ကာ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးအတွက် ပိုမိုကြီးမားသည့် အကျိုးထမ်းဆောင်ပေးမည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံတမန်များက တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ စည်ပင်ဝပြောမှုဖော်ဆောင်ရန် ကြီးမားသော အခွင့်အလမ်း ထောက်ပံ့ပေးလိုက်ကြောင်း၊ တရုတ်နိုင်ငံက အာဆီယံနိုင်ငံများဖွံ့ဖြိုးတိုးတက်ရန်အတွက် အဖိုးတန်ပံ့ပိုးပေးမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ "Belt and Road" အတူတည်ဆောက်မှုဖော်ဆောင်ပြီး အပြန်အလှန်ချိတ်ဆက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်လိုကြောင်း၊ လာမည့်နှစ်တွင် နှစ်ဦးနှစ်ဖက် "လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှစ်" အခွင့်အလမ်းဖြင့် လူပုဂ္ဂိုလ်ချင်း သွားလာဆက်ဆံမှုကို တိုးချဲ့ကာ အပြန်အလှန်နားလည်ယုံကြည်မှုကို တိုးမြှင့်လိုကြောင်း၊ တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့မြှင့်တင်ကာ ပိုမိုထွန်းလင်းသော၊ စဉ်ဆက်မပြတ်ဖြစ်သော အာဆီယံ-တရုတ်ဆက်ဆံရေးအနာဂတ်ကို ဖန်တီးပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလိုကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

နှစ်ဦးနှစ်ဖက်က အတူတကွဂရုပြုသည့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ပြီး အထက်ပါတွေ့ဆုံပွဲသို့ တရုတ်နိုင်ငံဆိုင်ရာ အရှေ့တီမောနိုင်ငံသံအမတ်ကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent