၂၀၂၃ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ ၁၀ လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။
ဒီဇင်ဘာ ၆ ရက်က နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ခရီးသွားလုပ်ငန်းကဏ္ဍသည် ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ အမှတ်တရပစ္စည်း ရောင်းချသည့်လုပ်ငန်းများစသည်ဖြင့် ကဏ္ဍစုံ၊ နယ်ပယ်စုံဖွဲ့စည်းထားသည့် စီးပွားရေးလုပ်ငန်း နယ်ပယ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းကို ကမ္ဘာ့အကြီးဆုံးနှင့် အဆက်မပြတ် အလျင်အမြန် ဖွံ့ဖြိုးနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရသည့် အများပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာထိခိုက်ဆုံးရှုံးစေခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု လျော့နည်းလာခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံအများစုသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှု မောင်းနှင်အားကို အထောက်အကူပြုစေရန် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ပြည်တွင်းခရီးသွားလုပ်ငန်းများ စတင်တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်ကစပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ကာ ကမ္ဘာလှည့် e-Visa ကို မေ ၂၀ ရက်တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် ၂ ဒသမ ၃ သိန်းကျော် ပြန်လည်ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်ထက် ဧည့်သည်ဝင်ရောက်မှု ၄၃ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်သန်းကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၇ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည့်အတွက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိရေး အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်ကြရာတွင် လွယ်ကူအဆင်ပြေစေရန်နှင့် မလိုလားအပ်သည့် အဟန့်အတားများ၊ ကြန့်ကြာမှုများအား အတတ်နိုင်ဆုံး ဖြေလျှော့ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိကခရီးသွား လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ဦးတည်ဈေးကွက်နိုင်ငံများနှင့် ချိတ်ဆက်ပြီး ဈေးကွက်ရှာဖွေမြှင့်တင်ရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားပြပွဲများတွင် ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiari-zation Trip–FAM Trip) များ ခေါ်ယူခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသည့် ထူးခြားသည့် ရာသီပွဲတော်များ ရှာဖွေဖော်ထုတ်မြှင့်တင်ခြင်း၊ ပြည်တွင်းပြည်ပမီဒီယာများဖြင့် ရိုက်ကူးလွှင့်တင်ခြင်း၊ Event Calendar များနှင့်ပတ်သက်သော Information များကို ခရီးသွားများသိရှိအောင် ကြော်ငြာခြင်း၊ ပြည်ပခရီးသွားများအတွက်သာမက ပြည်တွင်းရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်းခရီးသွားဧည့်သည်အများအပြား လည်ပတ်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေးအပြင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက် ယနေ့တက်ရောက်လာကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ၎င်းက ပြောကြားသည်။
ယင်းအပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေး၊ ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်မြှင့်တင်ကာ တစ်နှစ်ပတ်လုံး လည်ပတ်နိုင်သော ခရီးစဉ်ဒေသဖြစ်စေရေးနှင့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်သည့်အခါတွင် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ ခရီးသွားလုပ်ငန်း ဆက်စပ်အဖွဲ့အစည်းအားလုံးနှင့် တာဝန်ရှိပုဂ္ဂိုလ်များအားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြကြောင်း၊ ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဗဟိုကော်မတီ(၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေ၊ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ အစားထိုး ပြင်ဆင်ဖွဲ့စည်းမှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ခြောက်ခုတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ အစားထိုးပြင်ဆင်ဖွဲ့စည်းမှု၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများ၏ အစီအစဉ်ဖြင့် ပြည်တွင်းဘုရားဖူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ (SOP)ကို ရေးဆွဲပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများသို့ ပေးပို့ဆောင်ရွက်ခဲ့မှု၊ ကန့်သတ်နယ်မြေ မဟုတ်သော ခရီးစဉ်ဒေသများတွင် ခရီးသည်များ သွားရောက်လည်ပတ်လျက်ရှိသော ခရီးစဉ်ဒေသများ သတ်မှတ်နိုင်ရေးနှင့် ၎င်းခရီးစဉ်များတွင် ခရီးသည်များ လုံခြုံစိတ်ချမှုရှိပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဒေသကိုအခြေခံသည့် လုံခြုံရေးဆောင်ရွက်ပေးနိုင်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှု လုပ်ငန်းအမျိုးအစား ခြောက်မျိုးကို SOP ရေးဆွဲ၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခွင့်ပြုနိုင်ရေး အခြေအနေတို့ကို ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဗဟိုကော်မတီအကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။















