၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ပြည်ပသို့ ရော်ဘာတန်ချိန် ၉၄၄၃၅ ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၁၆ သန်းကျော်ရရှိ

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ပြည်ပသို့ ရော်ဘာတန်ချိန် ၉၄၄၃၅ ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၁၆ သန်းကျော်ရရှိ
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ဇော်ဝင်းချစ်)
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ဇော်ဝင်းချစ်)
Published 1 December 2023

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ပြည်ပသို့ ရော်ဘာတန်ချိန် ၉၄၄၃၅ ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၁၆ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုး ရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ  ရော်ဘာစိမ်းတင်ပို့မှုအနေဖြင့် တန်ချိန် ၉၄၄၃၅ ဒသမ ၃၈ တင်ပို့မှုမှ ဒေါ်လာ ၁၁၆ ဒသမ ၇၉ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်းကျော် ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့ခဲ့ကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ကုန်အထိ ပြည်ပသို့ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၄၄၉ ဒသမ  ၁၀၂ သန်းရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ် လာ ၁၈၄ ဒသမ ၆၆၀ သန်းပိုမိုရရှိခဲ့သည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန် ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ထိုင်ဝမ်၊ အိန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

Most Read

Most Recent