ရှမ်းပြည်နယ် ကုန်းကြမ်းတွင် တပ်မတော်အနေနှင့် နေရာရွှေ့ပြောင်းပေးခဲ့ရပြီး လောက်ကိုင်မြို့ ရှော့တိုက်ဒုံး ၁၅ လုံးဖြင့် ပစ်ခတ်ခံရဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရှမ်းပြည်နယ် ကုန်းကြမ်းတွင် တပ်မတော်အနေနှင့် နေရာရွှေ့ပြောင်းပေးခဲ့ရပြီး လောက်ကိုင်မြို့ ရှော့တိုက်ဒုံး ၁၅ လုံးဖြင့် ပစ်ခတ်ခံရဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 30 November 2023

ရှမ်းပြည်နယ်၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့တွင် တပ်မတော်အနေနှင့် နေရာရွှေ့ပြောင်းပေးခဲ့ရပြီး လောက်ကိုင်မြို့ ရှော့တိုက်ဒုံး ၁၅ လုံးဖြင့် ပစ်ခတ်ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ မူဆယ် ၁၀၅ မိုင်ဘက်မှာတော့ ဒီနေ့ နေ့လည်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ရန်သူ့ထံက အလောင်း၊ လက်နက်များ ရရှိခဲ့ပါတယ်။ လောက်ကိုင်ကိုတော့ ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ လာရောက်ပစ်ခတ် တာ ရှိပါတယ်။ ကုန်းကြမ်းဘက်မှာတော့ တပ်မိသားစုဝင်များရဲ့ လုံခြုံရေး၊ တပ်မိသားစုဝင်များရဲ့ အသက် အန္တရာယ်အတွက် ကုန်းကြမ်းဘက်မှာ တပ်မတော်အနေနဲ့ နေရာရွှေ့ပြောင်းပေးလိုက်ရတာ ရှိပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် TNLA၊ AA၊ MNDAA အဖွဲ့များအနေနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ဒေသနှင့်ု့ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းကြီးတစ်လျှောက်တွင် ဖျက်ဆီးမှုလုပ်ငန်းများ၊ တိုင်းပြည်အကျိုး ပျက်စီးမည့်လုပ်ငန်းများ၊ ပြည်သူလူထုကို တိုက်ရိုက်ထိပါးသည့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဒီလိုအချိန်မျိုးမှာ ဒေသခံ ပြည်သူလူထုဖြစ်တဲ့ ရှမ်းပြည်သူလူထုလည်း နစ်နာမှု အများကြီး ှိပါတယ်။ ရှမ်းပြည်သူလူထုရဲ့ နေအိမ်တွေမှာ ဝင်ရောက်ပြီး အကာအကွယ်ယူပြီး တပ်မတော်ကို တိုက်ခိုက်ခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါတွေကို အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆန့်ကျင်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ပြောလိုပါတယ်’’ ဟု ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဘက်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား၌ အထင်အမြင်လွဲမှားအောင်၊ ပဋိပက္ခများ ဖြစ်ပွားအောင်၊ သွေးထိုး လှုံ့ဆော်နေသည့် အဖွဲ့အစည်းများရှိသည်ကိုလည်း အားလုံးက သတိပြုရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မှာတော့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေအနေနဲ့ တန့်ဆည်ရဲစခန်းကို အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ တပ်မတော်အနေနဲ့ စစ်ကူပစ်ကူများ အချိန်မီ ရောက်ရှိပြီး ဒီရန်သူကို ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။ ရန်သူ အကျအဆုံးများစွာ ရှိပါတယ်’’ ဟု ပြောကြားသည်။

ကာယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို လာရောက်ပစ်ခတ်ခဲ့ပြီး တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြန်လည်ချေမှုန်းခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။