အနောက်နိုင်ငံ ဆက်စပ်အဖွဲ့များသည် လက်ရှိမြန်မာနိုင်ငံဖြစ်ပေါ်နေသည့် အခြေအနေများ ပိုပြီးဆိုးဝါးသွားစေရန် ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အနောက်နိုင်ငံ ဆက်စပ်အဖွဲ့များသည် လက်ရှိမြန်မာနိုင်ငံဖြစ်ပေါ်နေသည့် အခြေအနေများ ပိုပြီးဆိုးဝါးသွားစေရန် ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 28 November 2023

အနောက်နိုင်ငံ ဆက်စပ်အဖွဲ့များသည် လက်ရှိမြန်မာနိုင်ငံဖြစ်ပေါ်နေသည့် အခြေအနေများ ပိုပြီးဆိုးဝါးသွားစေရန် ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အမေရိကန်အစိုးရ၏ ကျောထောက် နောက်ခံပြုထားသည့် USIP (United States Institute of Peace) အဖွဲ့အစည်း၏ သုတေသနစာတမ်းများအားအမှီပြု၍  အနောက်နိုင်ငံမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အဓိကအချက်ကတော့ ဒီထဲမှာ ယခုလက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့်မလို့ ဒီအခြေအနေများကို ပိုပြီးဆိုးဝါးသွားအောင် သုံးသပ်တင်ပြ၊ ဦးတည်တင်ပြတာတွေပဲ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ အရေးကြီးတဲ့ သုံးသပ်ချက်ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ဒီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒလိုဟာမျိုးဖြစ်မှာ မဟုတ်ဘူး။ ဓားပြဆန်ဆန်အဖွဲ့အစည်းမျိုးတွေ ဖြစ်မလာနိုင်ဘူး တစ်စုတစ်စည်းတည်း ရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားလာအောင် မီးထိုးပေးတဲ့ သဘောပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အထက်ပါကိစ္စရပ်များသည် မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာခြင်းဖြစ်ပြီး ထပ်မံလုပ်လာနိုင်သည့် အရိပ်အယောင်မျိုးကို ပြသခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီအနောက်နိုင်ငံများနဲ့ ဆက်စပ်အဖွဲ့များအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာပြီး ပိုပြီးတော့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မယ့် အရိပ်အယောင်နဲ့ ပြသခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ လက်တွေ့သူတို့ပြောတဲ့အတိုင်း မြေပြင်မှာဖြစ်နေခြင်း ရှိ မရှိပါပဲ။ လက်တွေ့လည်း မြင်နေရတာဖြစ်ပါတယ်။ သူတို့ပြောနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်းမှာပဲ သွေးကွဲမှုတွေရှိတယ်” ဟု ပြောကြားသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအတွင်း၌ သွေးကွဲမှုများရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးဘက်တွင် တစ်ဖွဲ့နှင်တစ်ဖွဲ့ တိုက်ခိုက်နေခြင်းများရှိကြောင်း၊ NUG၊ CRPH အဖွဲ့ကို လက်မခံဟု အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများက ကြေညာခဲ့ခြင်းများရှိပြီး USIP (United States Institute of Peace) အဖွဲ့အစည်း၏ သုတေသနစာတမ်းများသည် ယင်းအဖွဲ့များက ပြည်သူများအား သတ်ဖြတ်ခြင်းများ၊ လုယက်ခြင်းများ၊ တရားမဲ့ပြုကျင့်ခြင်းများကို မျက်ကွယ်ပြု သုံးသပ်ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“စစ်ကိုင်းဘက်မှာဆိုရင် ဒီ PDF အဖွဲ့တစ်ဖွဲ့ရဲ့ အမျိုးသမီးတစ်ယောက်ကို လပေါင်းများစွာ   ဟိုးလေးတကြော်ကြော်ဖြစ်လာမှ အရေးယူမယ်ဆိုတဲ့ ပုံစံမျိုးပြောပြီးကာမှ ဘာမှအရေးမယူတဲ့အပြင် အဲ့ဒီအဖွဲ့တွေကပါ လွတ်မြောက်သွားတဲ့ကိစ္စတွေ၊ တရားမဲ့ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်နေတဲ့ဟာတွေ၊ အမြင်မတူတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်စီးနေတဲ့ဟာတွေ၊ ဒါတွေဟာလက်တွေ့ တွေ့ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် MNDAA အဖွဲ့၏ လုပ်ရပ်များ၊ သမိုင်းကြောင်းများနှင့် ၎င်းအဖွဲ့၏ မူရင်းအခြေခံ ဇစ်မြစ် စီးပွားရေးလုပ်ငန်းသည် ဘိန်းမှောင်ခိုကူးခြင်းဖြစ်ပြီး ဘိန်းနှင့်ပတ်သက်ပြီး ဆောင်ရွက်သည့်အဖွဲ့ဖြစ်ကြောင်း ထင်ရှားသည့် သမိုင်းသာဓကများလည်းရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကိုးကန့်အမျိုးသမီးတစ်ဦးဖြစ်ခဲ့တဲ့ ကမ္ဘာမှာဘိန်းဘုရင်မလို့ နာမည်ကျော်ကြားခဲ့တဲ့သူသည် ဘယ်နယ်မြေက ထွက်ခဲ့တာလဲ။ ဘယ်အမျိုးအနွယ်ကနေ လာခဲ့တာလဲဆိုတာ သမိုင်းအထင်အရှားရှိပြီးဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကအမေရိကန် CIA ရဲ့ ဘိန်းပံ့ပိုးမှုနဲ့ပတ်သက်ပြီး ဒီကိုးကန့်ဘိန်းဘုရင်မဆိုတဲ့ အမျိုးသမီးကိုယ်တိုင်က ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ ဒီနေရာမှာ ဗကပ လွှမ်းမိုးလာပြီးတော့မှ သူတို့ပျောက်ကွယ်သွားတယ်။ ပြီးရင် ဗကပအနေနဲ့ ဘိန်းလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့ နေရာမှာလည်း သူတို့ရဲ့လက်အောက်မှာရှိတဲ့ ဒီတိုင်းရင်းသားတွေကိုပဲ အသုံးပြုပြီး စေခိုင်းခဲ့တာဖြစ်ပါတယ်။  နောက်ပိုင်း ဗကပ ကွပ်ကဲမှုအောက်ကနေ လွတ်ပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီလုပ်ငန်းတွေကိုပဲ ဆက်လုပ်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါလုပ်ငန်းများမှတစ်ဆင့် ရရှိလာသည့် ငွေကြေးများဖြင့် ယင်းလုပ်ငန်းများကို စောင့်ရှောက်ရန်အတွက် လက်နက်ကိုင် အဖွဲ့အစည်းထူထောင်ပြီး လက်နက်များ၊ ခဲယမ်းများ ဝယ်ယူကာ အဖွဲ့အစည်းအား ထပ်တိုးချဲ့ခြင်းများ ဆောင်ရွက်ခဲ့သော အခြေအနေများကို မျက်ကွယ်ပြု၍ သုံးသပ်ပြီး မီးထိုးပေးနေခြင်းသည် ယင်းပဋိပက္ခများတွင် အနောက်နိုင်ငံများနှင့် အပေါင်းအပါများ ထဲထဲဝင်ဝင် ဝင်ရောက်ပတ်သက်နေသည်ကို သိနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent