“ငွေသားထုတ်ယူမှု ကန့်သတ်တယ်ဆိုတာ မမှန်ပါဘူး”

“ငွေသားထုတ်ယူမှု ကန့်သတ်တယ်ဆိုတာ မမှန်ပါဘူး”
Published 21 November 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။    ။ ဒီရက်ပိုင်း ဘဏ်တွေရှေ့မှာ ပြည်သူတွေက ငွေထုတ်ယူနိုင်ရေးအတွက် တန်းစီနေတာ နေရာ တော်တော်များများမှာ တွေ့ရပါတယ်။ ဘာကြောင့်လို့ ပြောချင်ပါလဲ။

ဖြေ။     ။ လက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီးတော့ နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှု၊ နောက်ပြီးတော့ စီးပွားရေးတည်ငြိမ်မှုပေါ့၊ ဒါတွေကို မလိုလားတဲ့ သတင်းမီဒီယာတွေ၊ အကြမ်းဖက်အုပ်စုတွေနဲ့ သူတို့ကို ထောက်ခံအားပေးတဲ့သူတွေကနေပြီးတော့ လူမှုကွန်ယက်စာမျက်နှာ တွေအပေါ်မှာ သတင်းတု၊ သတင်းအမှားတွေကို လှုံ့ဆော်ရေးသားမှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့ပါတယ်။ ဒီသတင်းတွေအနက် အကြမ်းဖက်တိုက်ခိုက် လုယက်ဖျက်ဆီးမှုတွေကို အခွင့်ကောင်းယူပြီးတော့မှ ဒီသတင်းတွေကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြပြီးတော့ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင်ပေါ့၊ ထုတ်ယူ၍ မရတော့သယောင် သွေးထိုးလှုံ့ဆော် ရေးသားမှုတွေကြောင့်မလို့ ပြည်သူတွေစိုးရိမ်ပူပန်မှုတွေ မြင့်တက်ပြီးတော့မှဘဏ်ထဲကငွေတွေကိုလိုတာထက်ပိုပြီးတော့ထုတ်ယူနေခြင်းဖြစ်တယ်လို့ ပြောကြား လိုပါတယ်။

မေး။    ။ လက်တလော အခြေအနေတွေအရ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေမှာ အများပြည်သူ ငွေသား ထုတ်ယူအပေါ် ကန့်သတ်လိုက်တယ်ဆိုတာ ဟုတ်ပါလား။

ဖြေ။     ။ လုံးဝ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အပ်နှံငွေအပေါ် ငွေထုတ်ယူနိုင်ရေးအတွက်ကိုလည်း ဘဏ်တွေက ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့လည်း ပြည်သူတွေက အပ်နှံထားတဲ့ ငွေတွေ အဆင်ပြေပြေ ထုတ်ယူနိုင်ရေးအတွက်ကိုလည်း ပံ့ပိုးကူညီပေးလျက် ရှိပါတယ်။

မေး။    ။ Special Account တွေကနေ အချိန်မရွေး ငွေလိုသလောက် ထုတ်ယူနိုင်တယ်လို့ နားလည်ထား ပါတယ်။ ဒီရက်ပိုင်း Special Account တွေကနေ ငွေထုတ်ယူမှု ကန့်သတ်လိုက်တယ်လို့ သတင်းတွေ ထက်ပေါ်နေခြင်းကြောင့် ဒီသတင်းတွေက မှန်ပါသလား။ မြေပြင်မှာ ငွေသားထုတ်တဲ့အခါမှာလည်း တန်းစီ နေပြီး ကိုယ့်အလှည်ရောက်တဲ့အခါမှာ လိုချင်လောက် မရတော့တာ၊ နောက်ရက်မှ လာထုတ်ဖို့ ထပ်မံချိန်း ဆိုတာမျိုးတွေ ကြုံတွေ့နေရတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ။     ။ အပ်နှံတဲ့ငွေတွေရဲ့ အနေအထားပေါ့၊ အနေအထားအရ Special Account (New Account) ဆိုရင် ကျွန်တော်တို့ ငွေသားထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်းပေါ့၊ ငွေသားထည့်သွင်းခဲ့တဲ့ ဘဏ်တွေမှာ ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ငွေသားထုတ်ယူမှု ကန့်သတ်တယ်ဆိုတာ မမှန်ပါဘူး။ ငွေထုတ်ယူသူ များပါက ဘဏ်တွေအနေနဲ့ ၎င်းတို့ရဲ့ ငွေသိုလှောင်ခန်း အကျယ်အဝန်းပေါ် မူတည်ပြီးတော့မှ ငွေသားများ ထားရှိရတဲ့အတွက်ကို ထုတ်ပေးဖို့ ငွေပမာဏကို စီစဉ်ဖို့ လိုအပ်တဲ့အတွက် မိမိငွေထုတ်ယူလိုတဲ့ ပမာဏကို ဘဏ်ကို ကြိုတင်အသိပေး အကြောင်းကြားထားရင်တော့ အဆင်ပြေမှာ ဖြစ်ပါတယ်။

မေး။    ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ငွေထုတ်ကန့်သတ်ချက်မထားရှိဘဲ ငွေသားထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပါရှိသော်လည်း လက်တွေ့ သွားရောက် ထုတ်ယူရာမှာ အချို့ ပုဂ္ဂလိကဘဏ်တွေမှာ ကန့်သတ်ချက်တွေရှိနေတာကြောင့် ဒီအပေါ်မှာ ဘာများ ပြောကြားလိုပါသလဲ။

ဖြေ။     ။ ဒါကလည်း အများပြည်သူအနေနဲ့ မိမိတို့ အပ်နှံထားတဲ့ အပ်နှံငွေ အမျိုးအစားပေါ်မှာ မူတည်ပြီး တော့မှ ဘဏ်ကနေ ငွေထုတ်ယူတဲ့နေရာမှ ကွဲပြားခြားနားမှုတွေ ရှိနိုင်ပါတယ်။ Special Account ဆိုလို့ရှိရင် မိမိငွေသားထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပါတယ်။ ငွေစုဘဏ်စာရင်း (Saving Account)ဆိုလို့ရှိရင်တော့ တစ်ပတ်တစ်ကြိမ် ငွေထုတ်ယူမှု ဆောင်ရွက်နိုင်မှာ ဖြစ်ပြီးတော့ စာရင်းသေအပ်ငွေ(Fixed Deposit)တွေဆိုရင်တော့ သက်တမ်းပြည့်တဲ့ အချိန်မှသာ ငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ Saving Account အပါအဝင် အပ်ငွေစာရင်းအဟောင်းတွေနဲ့ပတ်သက်လို့ ဘဏ်တွေက ငွေထုတ်ယူတဲ့နေရာမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေပြီးတော့ ၂၀၂၂ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ ငွေသားစီမံခန့်ခွဲမှု အဆင်ပြေစေရေး အစီအစဉ်သတ်မှတ်ချက်ပါအတိုင်း ငွေသားထုတ်ယူမှုအပြင်ကို ပြည်သူတွေအနေနဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေဖြစ်တဲ့ မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ် လုပ်ငန်းများ၊ Account Transfer များနဲ့ ဘဏ်ဝန်ဆောင်မှုများကို အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။

မေး။   ။        ပြည်တွင်း/ပြည်ပ မီဒီယာများနဲ့ လူမှုကွန်ရက်တွေမှာ သွေးထိုးလှုံ့ဆော်မှုနဲ့ ဝိသမလောဘသားများရဲ့ ကိုယ်ကျိုး စီးပွားရှာ သွေးထိုးမှုတွေကြောင့် ပုံမှန်ပြန်လည် လည်ပတ်နေတဲ့ ဘဏ်တွေမှာ ပြည်သူတွေ စိုးရိမ်တကြီး ငွေတွေထုတ်ပါတယ်။ ဘဏ်တွေမပြိုလဲဖို့နဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေ မဆုံးရှုံးစေဖို့ ဗဟိုဘဏ်က ဘယ်လိုအာမခံချက်တွေပေးဖို့ ရှိပါသလဲ။

ဖြေ။    ။        ဗဟိုဘဏ်က အပြည့်အဝအာမခံထားပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကာလမှာ သာမက ကောလာဟလဖြစ်တိုင်း ဗဟိုဘဏ်က ပြည်သူများရဲ့ အပ်နှံငွေအပေါ် အပြည့်အဝ အာမခံရှိတာကို အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။ ဘဏ်တွေက အဆိုပါအပ်နှံငွေများ ပြန်လည်ထုတ်ပေးနိုင်ဖို့ ဗဟိုဘဏ်မှာ အနည်းဆုံးထားရှိရမယ့် သီးသန့်ငွေလိုအပ်ချက်ကို အပ်နှံထားရှိလျက်ရှိရာ လက်ရှိမှာ ဘဏ်များက အနည်းဆုံးလိုအပ်ချက်ထက်ပိုပြီး ဗဟိုဘဏ်ထံ အပ်နှံထားပါတယ်။ ဒါ့အပြင် ပြည်သူလူထုကို ငွေပြန် လည်ထုတ်ပေးနိုင်ဖို့ ငွေကြေးလွယ်ကူမှုအချိုးများနဲ့လည်း စောင့်ကြပ်ထိန်းကျောင်းလျက်ရှိရာ ဘဏ်များ အနေနဲ့ အပ်နှံငွေတွေ အပြည့်အဝပြန်လည်ထုတ်ပေးဖို့ အဆင်သင့်ရှိပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဘဏ် တွေကို စောင့်ကြည့် ကြပ်မတ်လျက်ရှိတာကြောင့် ဘဏ်တွေအနေနဲ့လည်း အဆင်ပြေချောမွေ့စွာ သတ်မှတ်စည်းကမ်းချက်များနဲ့အညီ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိတဲ့အတွက် ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ရန်လိုအပ်ပါတယ်။

မေး။   ။        ဘဏ်ကငွေတွေ အလုအယက်ထုတ်အောင် ကောလာဟလတွေထုတ်ပြီး ရွှေနဲ့ ဒေါ်လာဈေးကို ဆွဲတင်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူမယ့်အစီအစဉ်များ ရှိပါသလား။

ဖြေ။    ။        ဘဏ်တွေမှာ ငွေကြေးခဝါချမှုဗဟိုအဖွဲ့က သတ်မှတ်ထားတဲ့ ငွေကြေး ကျပ်သန်း ၁၀၀ ထက်ကျော်လွန်ပြီး ထုတ်ယူတဲ့ ပမာဏအားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ထံပေးပို့ရတယ်။ အခု ငွေထုတ်များနေတဲ့သူတွေ အားလုံးကို ဗဟိုဘဏ်၊ စသုံးလုံး၊ FIU တို့က အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာဖြစ်တဲ့အတွက် ဈေးကစားမှုများမှာ ပါဝင်ပတ်သက်နေရင် ထိရောက်စွာအရေးယူသွားမှာ ဖြစ်ပါတယ်။ ဘဏ်တွေထံမှ ပြည်သူတွေ ငွေထုတ်ယူဖို့ လှုံ့ဆော်ရေးသား၊ ဝါဒဖြန့်နေသူတွေကိုလည်း ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များချမှတ်နိုင်ဖို့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားလိုပါတယ်။

မေး။   ။        ပြည်သူတွေက စိုးရိမ်ပူပန်မှုတွေမြင့်တက်မှုအပေါ် ဗဟိုဘဏ်အနေနဲ့ မည်သည့်သတင်းစကားပါးလိုပါသလဲ။

ဖြေ။    ။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှုလျှော့ချပြီး ဒစ်ဂျစ်တယ်ပေးချေမှုများ တိုးတက်စေဖို့အတွက် ဒစ်ဂျစ်တယ်ပေးချေမှု နည်းလမ်းတွေဖြစ်တဲ့ အီလက်ထရောနစ်ကတ် များဖြင့်လည်းကောင်း၊ ဘဏ်များရဲ့ မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း Pay များ၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်း Wallet များအသုံးပြုပြီး အများပြည်သူအနေနဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေအသုံးပြုကာ လုံခြုံစိတ်ချ ရတဲ့ စရိတ်စကသက်သာစွာနဲ့ အကျွမ်းတဝင်ကောင်းမွန်စွာလည်ပတ်ပြီး ငွေပေးချေမှုပြု လုပ်နိုင်ဖို့ကို ပြည်သူတွေကလည်း သုံးစွဲ နေပြီး တိုးတက်မှုများလည်း နေ့စဉ်တွေ့ရှိနေရပြီ ဖြစ်ပါတယ်။ ဘဏ်စနစ်ကို ကောင်းမွန်စွာအသုံးပြုနေတဲ့ လုပ်ငန်းရှင်ကြီးများနဲ့ကုန်သည်များသာမက ကျေးလက်ဒေသရှိ ပြည်သူများ ကလည်း (ဥပမာ KBZ Pay) ကို လူကြီးလူငယ်များက အကျွမ်းတဝင် အသုံးပြုနေပြီဖြစ်ပါ တယ်။ လက်ရှိကောလာဟလနဲ့ ငွေကြေးစနစ်ကို မတည်ငြိမ်အောင် နှောင့်ယှက်နေတဲ့ အဖျက်မီဒီယာတွေကြောင့် ပြည်သူများအနေနဲ့ အဖျက်မီဒီယာများရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ယုံကြည်ပြီး ငွေသားကိုင်ဆောင်မှုကို ပြန်လည်လိုက်ပါဖို့ မလိုအပ်ဘဲ ပုံမှန်အတိုင်း မိမိတို့ရဲ့ ဘဏ်စနစ်နဲ့ ငွေပေးချေမှုများကို ဆက်လက်သုံးစွဲဖို့ လိုအပ်ပါတယ်။

ဘဏ်စနစ် ခိုင်မာယုံကြည်မှုရှိဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆုံးရှုံးနိုင်ခြေများကို အခြေခံပြီး စောင့်ကြပ်ကြီးကြပ်နေတဲ့အတွက် အများပြည်သူရဲ့အပ်နှံငွေတွေ ဆုံးရှုံးမှုမရှိနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အပြည့်အဝ အာမခံပါတယ်။ ဘဏ်များနဲ့ ဗဟိုဘဏ်မှာ ငွေသားအလုံအလောက်ရှိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ဟာ ဘဏ်ခွဲအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုပေးတဲ့ (Core Banking System)ကို အသုံးပြုလျက်ရှိပါတယ်။ ဘဏ်ခွဲတစ်ခုခုရဲ့ ဝန်ဆောင်မှုအကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားရင်လည်း ပြည်သူတွေအနေနဲ့ အပ်ငွေတွေ ထုတ်ယူမရတော့တဲ့ အခြေအနေမျိုးဖြစ်ပေါ်သွားမှာ မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ပြီး မိမိအပ်နှံထားတဲ့ အပ်ငွေအမျိုးအစားအလိုက် ငွေသားထုတ်ယူ နိုင်ပါတယ်။ ဘဏ်များမှာ ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်းသည် မည်သည့်အခြေအနေ၊ မည်သည့် အချိန်တွင်မဆို မိမိရဲ့ငွေပဲဖြစ်ပြီး အဆိုပါ ငွေများဟာ ကိန်းဂဏန်းအတိအကျ၊ ပိုင်ရှင်အမည် အတိအကျနဲ့ရှိနေကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ တာဝန်ယူမှုနဲ့ အကာအကွယ် ပေးမှုအပြည့်အဝရရှိနေမှာ ဖြစ်ပါတယ်။

ယခင်အတွေ့အကြုံများအရ ကောလာဟလများကြောင့် ပြည်သူများက ဘဏ်များမှ ငွေတွေစုပြုံထုတ်ယူခဲ့မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကောင်းမွန်စွာစီမံထိန်းကျောင်းနိုင်ခဲ့ပြီး ဘဏ်များရဲ့ ဝန်ဆောင်မှုများ ကောင်းမွန်စွာ ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ ပြည်သူတွေ စိုးရိမ်ပူပန်မှုလွန်ကဲပြီး ငွေများကို လိုသည်ထက်ပိုမို ထုတ်ယူကာ လက်ဝယ်ထားရှိခြင်းကြောင့် လုယက်၊ ဓားပြတိုက်ခြင်းများ ခံရနိုင်ပြီး မိမိတို့ ငွေများဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

ဘဏ်များရဲ့ ပြင်ပမှာ ငွေသားတွေလိုသည်ထက် ပိုမိုရောက်ရှိ လည်ပတ်နေခြင်းအားဖြင့် အိမ်ခြံမြေဈေး၊ ရွှေဈေး၊ ငွေဈေးကစားသူတွေရဲ့ လှည့်ကွက်မှာ ပါဝင်ခဲ့ရင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူလူထုသာလျှင် အခက်အခဲဒုက္ခ ရောက်နိုင်ကာ စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုကို ပျက်ပြားစေနိုင်မှာ ဖြစ်တဲ့အတွက် အဖျက်သမားများရဲ့ သတင်းမီဒီယာများက အခြေအမြစ်မရှိ ရေးသားဖော်ပြနေတာကို စဉ်းစားချင့်ချိန်ပြီး ပြုမူဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ ယခင်ကလို ဘဏ်များထံမှ မိမိငွေတွေကို ရာခိုင်နှုန်းတစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်းများကို ပြန်လည်ဖိတ်ခေါ် နေသကဲ့သို့ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ နေ့စဉ်အချိန်နှင့်အမျှ ဘဏ်များရဲ့ ငွေသွင်း/ ငွေထုတ် အပ်နှံငွေအခြေအနေတွေကို စောင့်ကြည့် ထိန်းကျောင်းနေတာကြောင့် ပြည်သူလူထုအနေနဲ့ ကောလာဟလအပေါ် နားယောင်နေဖို့ မလိုအပ်ဘဲ ယုံကြည်စွာနဲ့ အများပြည်သူအကျိုး ကိုကြည့်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ပြောကြားလိုပါတယ်။ လုံခြုံမှုရှိပြီး လူအများသုံးစွဲနိုင်တဲ့ ATM တွေမှာလည်း ငွေများ ဖြည့်တင်းပေးထားပြီး ငွေကြေးစနစ်ကိုထိန်းချုပ်ရာမှာလည်း နိုင်ငံတကာနည်းတူ စည်းမျဉ်းစည်း ကမ်းအတိုင်း အသေးသုံးငွေများကို ATM များမှာ သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းကောင်း၊ ပြည်တွင်းသုံးကတ်စနစ်ဖြင့် လည်းကောင်း၊ CBM Net System ဖြင့်လည်းကောင်း တစ်ဘဏ်မှတစ်ဘဏ် ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာငွေလွှဲပြောင်းနိုင်ပြီး ပြည်သူ များက Account Transfer နည်းများဖြင့်လည်း ငွေပေးချေမှု နည်းလမ်းများကို အကန့်အသတ်မရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မေး။   ။ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်တွေမှာ ဘဏ်အချို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ငွေကြေးကို လက်နက်ကိုင်အဖွဲ့အစည်းအချို့က သိမ်းသွားတာမျိုး ရှိတယ်။ ဒီဖြစ်စဉ်မှာ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး ဘယ်လို စီမံဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ။     ။ အဲ့ဒီဖြစ်စဉ်မှာပါရှိတဲ့ ဘဏ်တွေရဲ့ Customer များအနေနဲ့ မိမိတို့ရဲ့ ငွေကြေးတွေကို အထောက် အထားများနဲ့ တင်ပြလာလို့ရှိရင် ဘဏ်တွေအနေနဲ့ ထုတ်ပေးနိုင်ဖို့ စီမံဆောင်ရွက်ထားရှိကြောင်း ပြောကြား လိုပါတယ်။ ဘဏ်များမှာလည်း အထက်က ကျွန်တော်ဖော်ပြခဲ့သလို စနစ်တွေရှိတဲ့အတွက် သူတို့ရဲ့ Customer များရဲ့ စာရင်းတွေကို သိမ်းဆည်းထားပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘဏ်များရဲ့ မည်သည့်ဘဏ်ခွဲမဆို Customer စာရင်းတွေကို တိုက်ဆိုင်စစ်ဆေးပြီးတော့ ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ကြောင်း ဖြေကြားလိုပါတယ်။

Most Read

Most Recent